ရန်ကုန်ကလျာဏယုဝခရစ်ယာန်အသင်းက ကြီးမှူးကျင်းပသည့် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ခရစ်တော် မွေးနေ့အကြို ညစာစားပွဲ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရန်ကုန်ကလျာဏယုဝခရစ်ယာန် အသင်း (YMCA)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။

 

အခမ်းအနားတွင် ရန်ကုန်ကလျာဏယု၀ ခရစ်ယာန်အသင်း ဘုတ်အဖွဲ့ဝင်များက ပမာဏသမ္မာကျမ်းစာ ဖတ်ကြားခြင်း၊ ကောင်းချီးတောင်းခံခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် အထူးဆုတောင်းခြင်း၊ တစ်ပင်တိုင်ချီးမွမ်းခြင်း(မေတ္တာနိုင်ငံ)၊ သမ္မာကျမ်းစာ တော်မြတ်ဖတ်ကြားခြင်း၊ မွေးနေ့တော်သီချင်းကျူးဧခြင်း၊ မွေးနေ့တော်သတင်း ကောင်းဝေမျှခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းနှင့် ကောင်းကြီးပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

YMCA အသင်းဥက္ကဋ္ဌ ဒေါက်တာဦးတင်လှက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ခရစ်တော်၏မွေးနေ့တော်အတွက် နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ဆက်လက်၍ ပဌနာတော်တပင်တိုင်အကဖြင့် ဖျော်ဖြေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးမောင်မောင်စိုးက မွေးနေ့တော်အတွက် ချီးမွမ်းသည်။

 

ထို့နောက် YMCA ဝန်ထမ်းများက  YMCA သီချင်းသီဆိုခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးသောင်းထိုက်က ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခြင်း၊ သိက္ခာတော်ရဆရာ ဦးအောင်မြင့်စိန်က ညစာအတွက် ကျေးဇူးတော် ချီးမွမ်းခြင်း၊ (၆၄)ကြိမ်မြောက် အသင်းသားစုဆောင်းခြင်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် နှုတ်ဆက်သီချင်း ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 

(သတင်းစဉ်)