၂၉ ဧပြီ

 


(ဧပြီ ၂၅ ရက်နေ့မှအဆက်)

 


၂၀၁၆-၂၀၁၇     ဘဏ္ဍာနှစ်ကတည်းကပင်   မြွေဆိပ်ဖြေဆေး ပြည်တွင်းလိုအပ်ချက်အလုံးရေ ၈၀ဝ၀ဝ ထက်ကျော်လွန်ကာ အလုံးရေ ၁၀ဝ၀ဝ၀ ထုတ်လုပ်နိုင်သည်အထိ အောင်မြင်မှုရရှိလာသည့် BPI သည် ပြည်တွင်းလိုအပ်ချက်၏ နှစ်ဆအထိတိုင် တိုးမြှင့်ထုတ်လုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည့်အပြင်   အာဆီယံဒေသတွင်း လာအိုနိုင်ငံနှင့်        ကမ္ဘောဒီးယားနိုင်ငံတို့သို့  မြွေဆိပ်ဖြေဆေးအလုံးရေ ၅၀ဝ၀ ကျော် တင်ပို့ရောင်းချခဲ့ပြီးဖြစ်ပြီး  ရေရှည်ဆက်လက်ပေးပို့နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရှိရပါသည်။

 

 

BPI ဆေးဝါးစက်ရုံအနေဖြင့် သတ်မှတ်အပူချိန်( ၂ºဃ မှ၈ºဃ ) အတွင်း ထားသိုရမည့် သုံးနှစ်သက်တမ်းခံ မြွေဆိပ်ဖြေဆေး (အရည်)တို့အပြင် လျှပ်စစ်မီးမရရှိသေးသည့်ဒေသများတွင်   သာမန်အခန်းအပူချိန်ဖြင့်   သိမ်းဆည်းနိုင်မည့် မြွေပွေးမြွေဆိပ်ဖြေဆေး (အေးခဲခြောက်)နှင့် မြွေဟောက်မြွေဆိပ်ဖြေဆေး (အေးခဲခြောက်)တို့ကို Freeze Dried ပုံစံဖြင့် ငါးနှစ်သက်တမ်းခံ ထုတ်လုပ်ထားပြီးဖြစ်ရာ ကျေးလက်ဒေသနေပြည်သူတို့အတွက် များစွာသင့်လျော်အကျိုးရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် မြွေပွေး၊ မြွေဟောက်မြွေဆိပ်နှစ်မျိုးစလုံးကို  ကာကွယ်ကုသပေးနိုင်သည့် Bivalent Snake Anti Venom မြွေဆိပ်ဖြေဆေး ကိုလည်း ထုတ်လုပ်နေပြီဖြစ်ကြောင်း သတင်းကောင်း ကြားသိရပါသည်။

 


သက်တမ်းနှစ် ၆၀ ကျော်  ရှိလာနေပြီဖြစ်သည့် ဆေးဝါးစက်ရုံ (အင်းစိန်) BPI သည် ပြီးခဲ့သောကာလ တစ်ခု၌ BPI မှ BPI အဖြစ်   အမည်ပြောင်းခဲ့သေးသော်လည်း ယခုအခါ BPI အမှတ်တံဆိပ်နှင့် ဆေးဝါးများအဖြစ်သာ ပြည်သူများအကြား ပြန်လည်ရေပန်းစား ထင်ရှားလျက်ရှိနေပါသည်။ သက်တမ်းကြာဆေးဝါး စက်ရုံကြီးအဖြစ်မှသည်  ပြည်သူများ၏   ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုပေးရာတွင် လိုအပ်သည့် စံချိန်မီ  ဆေးဝါးများအား နိုင်ငံတကာအဆင့်မီ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ဆေးဝါးစက်ရုံ(Plant)  အသစ်များကို၂၀၁၆  ခုနှစ်တွင်   တည်ဆောက်ထုတ်လုပ်ခဲ့ရာ    ယခုအချိန်အထိ ဆေးဝါးအမည်ပေါင်း ၁၉၃ မျိုးထုတ်လုပ်နေ ကြောင်းကို  အားတက်ဖွယ်ကြားသိရပြီး      HIV  နှင့်အသည်းရောဂါကုသဆေး၊ ကင်ဆာဝေဒနာရှင်များအတွက် နာကျင်မှုသက်သာစေသော ဆေးဝါးများအပါအဝင် ဆေးဝါးအမည်သစ် ၃၄ မျိုးကိုလည်း တိုးမြှင့်ထုတ်လုပ်ပေး နိုင်ခဲ့ရုံသာမက ခွေးရူးပြန်ကာကွယ်ဆေးကိုလည်း မကြာမီစမ်းသပ်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။

 


BPI ထုတ်ဆေးဝါးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများသို့    ဌာနအရောက် နှစ်စဉ်ရောင်းချပေးပို့နေပြီး ပုဂ္ဂလိကဆေးရုံများ သို့လည်း BPI  ဆေးဝါးအရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ရောင်းချပေးနေပါသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများသို့လည်း တိုက်ရိုက်ပေးပို့ဝန်ဆောင်မှုစနစ်သစ်ဖြင့် ဆောင်ရွက်ပေးနေပြီး ပြည်သူလူထု အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများတွင် BPI ဆေးဝါး အရောင်းဆိုင်များ ဖွင့်လှစ်၍လည်းကောင်း၊ City Mart၊ Capital၊ Super Market၊ G & G စတိုးဆိုင်ကြီးများ တွင်လည်းကောင်း ရောင်းချပေးလျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် BPI ဆေးဝါးအရောင်းဆိုင် ၈၉ ဆိုင်ဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရှိရပါသည်။ ထို့အပြင်အသည်းရောင်အသားဝါ ရောဂါကာကွယ်ရေးအတွက် အစိုးရဝန်ထမ်းများ၊  ပုဂ္ဂလိကအဖွဲ့အစည်းများမှဝန်ထမ်းများ၊        အခြေခံပညာကျောင်းများမှ        ကျောင်းသား ကျောင်းသူများအား Mobile Team ဖြင့် လှည့်လည်သွားရောက်၍ ဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ    ဆောင်ရွက်နေသကဲ့သို့ BPI စက်ရုံဆေးခန်းတွင်လည်း (ဘီ)ပိုး ကာကွယ်ဆေးထိုးနှံပေး ခြင်းများကို ဝန်ဆောင်မှုပေးနေကြောင်း သိရှိရပါသည်။

 

 

အစဉ်အဆက်   နာမည်ကောင်းဖြင့်  ရပ်တည်နေခဲ့သည့် BPI ဆေးဝါးများအား အတုအပပြုလုပ်၍ ဈေးကွက်အတွင်း  ဖြန့်ချိရောင်းချနေမှုများအား  ရှာဖွေဖော်ထုတ်တားဆီးနိုင်ခဲ့ပြီး BPI ထုတ် ဆေးဝါးများအား တုပမှုမရှိစေရန်အတွက်  ခေတ်မီစက်သစ်ကြီးများအသုံးပြု၍  ဆေးတောင့်၊ ဆေးကတ်များ၊   ဆေးဘူးပုံစံအသစ်များ၊ စတစ်ကာလေဘယ်လ်ပုံစံအသစ်များ၊ ထုပ်ပိုးမှုပုံစံအသစ်များ၊ မြန်မာစာဖြင့်    ဆေးအညွှန်း  ထည့်သွင်းခြင်းများ ပြောင်းလဲထုတ်လုပ်လျက်ရှိပါသည်။

 

ဆေးဝါးစက်ရုံ     စတင်တည်ထောင်သည်မှစ၍ ယနေ့တိုင်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)  ၏  လမ်းညွှန်ချက်အတိုင်း  ဆေးဝါးများ  ထုတ်လုပ်လျက်ရှိသကဲ့သို့ ထုပ်ပိုးပစ္စည်းများကိုလည်း (WHO) လမ်းညွှန်ချက်အတိုင်း  ဆေးဝါးသုံးအဆင့်(Pharmaceutical Grade)  ပလတ်စတစ်များ  အသုံးပြုလျက်ရှိပါသည်။ WHO က ဆေးဝါးနှင့်ပတ်သက်သော အသုံးအဆောင်ပစ္စည်းများ၌ အသုံးပြုရမည့်ပလတ်စတစ်များကို ဆေးဝါးသုံး ပလတ်စတစ်အမျိုးအစားများ (Plastic for Pharmaceutical Use) အဖြစ်   လူတို့၏   အသက်အန္တရာယ်လုံခြုံမှုကို ဦးစားပေးခြင်း (Safty) ၊ မလိုလား အပ်သောစိုထိုင်းဆများ မပါဝင်စေခြင်း၊ ပလတ်စတစ် အလင်းရောင်ကြောင့်   ဆေး၏အာနိသင်များ ပျက်စီးခြင်း မဖြစ်စေရန်  ကာကွယ်ပေးခြင်း (Profection)၊ သတ်မှတ်ထားသော နှစ်အပိုင်းအခြားအထိ ဆေးအာနိသင်ပြောင်းလဲမှုမရှိဘဲ တိကျမှုရှိနေခြင်း(Compatibility)၊  ဆေးကို  နမူနာစစ်ဆေးသည့်အခါတိုင်း အရည်အသွေး ကောင်းမွန်နေအောင်လုပ်ဆောင်နိုင်ခြင်း (Performance)  စသည့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်  High Density Polyethylene (HDPE) ၊ Low Density Polyethylene (LDPE)  ၊ Polypropylene (PP)  ပလတ်စတစ်များကိုသာ  အသုံးပြုရန်  ပြဋ္ဌာန်းထားရာ  မြန်မာ့ဆေးဝါးလုပ်ငန်းမှ BPI အပါအဝင်ဆေးဝါးစက်ရုံများ၏ ထုတ်ကုန်ဆေးဝါးများကို ထုပ်ပိုး ထည့်သွင်းရာတွင် အဆိုပါ ‘ဆေးဝါးသုံးအဆင့် ပလတ်စတစ်များ’ ကို   အသုံးပြုထားသဖြင့်   ဘေးကင်းလုံခြုံ စိတ်ချစွာ အသုံးပြုနိုင်ကြမည် ဖြစ်ပါသည်။

 

 

BPI စက်ရုံသည် ISO 0001:2015 ထုတ်လုပ်ခြင်းနှင့် ရောင်းချဖြန့်ဖြူးခြင်းလက်မှတ်များအား ၂၀၁၈ ခုနှစ်က      ရရှိခဲ့သဖြင့်     BPI ဟူသည့် ခိုင်မာသည့်အမှတ်တံဆိပ်ကို ထတ်မံခတ်နှိပ်လိုက်ပြန်ပြီဖြစ်ပါသည်။

 


မကြာသေးမီရက်များအတွင်း၌ပင် ဆေးဝါးစက်ရုံ(အင်ရောင်း)၌ အမေရိကန်နိုင်ငံနှင့်   အီတလီနိုင်ငံထုတ် စက်များတပ်ဆင်ထားသည့် Blow Fill Seal နည်းပညာသုံး ကမ္ဘာ့အဆင့်မီ သွေးကြောသွင်းဆေးရည် ထုတ်လုပ်မှုအဆောက်အဦသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းကလည်း နှစ်စဉ် သွေးကြောသွင်းဆေးရည် ပြည်တွင်း လိုအပ်ချက် ၇၅ သန်း၏ ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်း ထောက်ကူပေးနိုင်တော့မည် ဖြစ်ပါသည်။

 


အာရောဂျံ ပရမံ လာဘံ ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးဖြစ်ပါသည်။  လူသားတစ်ဦး ကျန်းမာရေး  ကောင်းမွန်ရန်အတွက် ကာကွယ်ကုသဆေးများသည် မဖြစ်မနေ လိုအပ်လှပါသည်။ အစွမ်းထက်အရည်အသွေးမီဆေးဝါးများက ကျန်းမာရေးအတွက်များစွာ အထောက်အပံ့ရနိုင်သကဲ့သို့ စံချိန်မမီဆေးဝါးအတုများကလည်း အသက်အန္တရာယ်ကိုပါ ထိခိုက်စေပါသည်။

 


စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သတ်မှတ်ချက်များနှင့် အရည်အသွေးမီဆေးဝါးများ ထုတ်လုပ်ပေးရင်း ယင်းဆေးဝါးများဖြင့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် မကျန်းမမာမှု ကိစ္စအဝဝကို ကာကွယ်ကုသ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း BPI ထုတ်  မြွေဆိပ်ဖြေဆေးဖြင့်    အသက်ဆက်ခဲ့သည့်ကျွန်တော်၏   မိခင်ကြီးက   သက်သေပင်ဖြစ်ပါသည်။ အမေကဲ့သို့ အသက်ရှင်သန်ခွင့်ရရှိကြသူတွေ အများအပြား ရှိကြလိမ့်မည်ဟုလည်း ကျွန်တော်ယုံကြည်မိပါသည်။

 


မြွေဆိပ်သင့်ခဲ့သော်လည်း BPI ထုတ် မြွေဆိပ်ဖြေဆေးဖြင့် အသက်ဆက်ခဲ့သည့် ကျွန်တော့်အမေက သူ့ အသက်ကယ်ဆေး မြွေဆိပ်ဖြေဆေးကို ကျေးဇူးရှင်အဖြစ် ကျေးဇူးတင်အသိအမှတ်ပြုခဲ့သလို အခြားသော ပြည်သူများကလည်း BPI ထုတ် အစွမ်းထက်ဆေးများကိုကျေးဇူးတင် အသိအမှတ်ပြုနေကြမည်ဖြစ်ပါသည်။

 


ကျွန်တော်လည်း  အမေ့ကိုယ်စား၊  ပြည်သူများကိုယ်စား စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၏ BPI စက်ရုံကြီးကို ဤစာစုဖြင့် ကျေးဇူးတင်အသိအမှတ်ပြု ဂုဏ်ပြုရေးသားအပ်ပါသည်။     ။

 


ကိုးကား-ကိုကိုအောင်(စက်မှု-ဆေးဝါး)၏ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု ပန်းတိုင်သို့ဆောင်းပါး

ဦးဂါဂါ