ကြေးခေတ်ယဉ်ကျေးမှုလက္ခဏာများနှင့် မြန်မာနိုင်ငံ

mdn

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

မြန်မာ့ကြေးခေတ်လူသားအစ 

ကြေးခေတ် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများကို ရှာဖွေဖော်ထုတ် ရာတွင် ထိုခေတ်ကာလမှ လူတို့နေထိုင်ရာ ဖြစ်သော အခြေချနေထိုင်မှုဧရိယာများမှ ရှာဖွေဖော်ထုတ်ရန် ခက်ခဲပေသည်။ မြန်မာ့ကျောက်ခေတ်လူသားတို့သည် တောတောင်များအတွင်း ဂူအောင်း အမဲလိုက် အသက်မွေးခြင်း ပြုခဲ့ကြရာမှ တဖြည်းဖြည်း စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြုရန် မြေပြန့်သို့ ဆင်းသက် လာခဲ့ကြပြီး ရာသီဥတု ပွင့်လင်းသာယာသည့် မိုးလွန်ရာသီဥတုကာလမျိုးသို့ ရောက်ရှိလာချိန်တွင် မြေပြန့်လွင်ပြင်များရှိ မြစ်၊ ချောင်းတို့ အနီးဝန်းကျင်၌ ဆင်းသက်နေထိုင်ခဲ့ကြသည်။ ထိုသို့ နေထိုင် ရာတွင် မြေပြန့်၌ အလွယ်တကူရရှိနိုင်သော သစ်၊ ဝါးတို့ဖြင့် နေထိုင်ရန် ဆောက်လုပ်ကြသည်။ ထိုကဲ့သို့ နေထိုင်လာခဲ့ရာမှ သတ္တုကျိုချက်ခြင်းအတတ်ကို တတ်မြောက်လာကြပြီး ကြေးလက်နက်များပြုလုပ် ရန်အတွက် အသုံးပြုသည့် ကျောက်ခွက်ပုံစံ (Mould)များကို မြင်းဦးလှည့်ဒေသမှ တွေ့ရှိခဲ့ရသည်။ ၎င်း အချက်အရ ကြေးခေတ်လူသားတို့သည် သူတို့သုံးစွဲသော လက်နက်များကို ဒေသတွင်းမှာပင် ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရှိနိုင်သည်။

ကြေးခေတ်လူသားတို့၏နေရာ 

ရှေးဟောင်းသုတေသနမှ တူးဖော်တွေ့ရှိချက်များအရ ကြေးခေတ်ဒေသများ၏ တည်နေရာမှာ မြေပြန့်ဒေသများ၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ဖြစ်နေသည်ကို တွေ့ရှိရသည်။ ထိုခေတ်လူသားတို့သည် အစဉ်အဆက် သစ်၊ ဝါး အဆောက်အအုံတို့ဖြင့်သာ နေထိုင်ခဲ့ကြဟန်ရှိပြီး သစ်၊ ဝါးတို့မှာ နှစ်ကာလရှည်ကြာသောအခါ သဘာဝအရ ပျက်စီးပျောက်ကွယ်လွယ်သည်။ ထို့ကြောင့်ပင် ကြေးခေတ် လူသားများ၏ နေထိုင်မှုဧရိယာ (Habitation Site) နှင့် ပတ်သက်သော အထောက်အထားများကို မတွေ့ရှိရခြင်း ဖြစ်သည်။ ကြေးခေတ်လူသားတို့ အခြေချနေထိုင်ခဲ့သည့် ဧရိယာ (Habitation Site) များနှင့်ပတ်သက်၍ အထောက် အထားများကို မတွေ့ရှိရသေးသော်လည်း ထိုခေတ်လူသား တို့သည် တမလွန်ဘဝယုံကြည်မှုများ ရှိခဲ့နိုင်ပေသည်။ ထို့ကြောင့် သေဆုံးသူတို့ကို နေရာတစ်ခု၌ စနစ်တကျမြှုပ်နှံကြပြီး သေဆုံးသူနှင့်ပတ်သက်သည့် အသုံးအဆောင်တို့ကိုလည်း တစ်ပါတည်း ထည့်သွင်းမြှုပ်နှံလေ့ရှိကြောင်းကို ကြေးခေတ် သင်္ချိုင်းရာများ တူးဖော်သုတေသနပြုချက်အရ ဖော်ထုတ်နိုင်ခဲ့သည်။

နေထိုင်စားသောက်မှုပုံစံ 

သင်္ချိုင်းနေရာရွေးချယ်၍ မြှုပ်နှံခြင်းများကို လေ့လာခြင်းအားဖြင့် ထိုဒေသများတွင် နေထိုင်ခဲ့သော သမိုင်းမတင်မီခေတ် လူတို့သည် ခေတ္တခဏ နေထိုင်ခဲ့ကြသည်မဟုတ်။ ကာလ အတော်ကြာ နေထိုင်ခဲ့ကြသည်ဟု သုံးသပ်ရသည်။ ထို့ပြင် ဆွေမျိုးစုတူရာ ပေါင်းစုနေထိုင်၍ အကြီးအကဲစနစ်၊ အုပ်ချုပ် ရေးစနစ်နှင့် လူမှုရေးသတ်မှတ်ချက်များရှိသော အဆင့်မြင့် လူမှုရေးဖွဲ့စည်းပုံများဖြင့် စုဝေးနေထိုင်ခဲ့ကြ လိမ့်မည်ဟုလည်း ယူဆရသည်။ ကြေးခေတ်တူးဖော်တွေ့ရှိချက်များအရ ထိုခေတ်လူသား များသည် သတ္တဝါမျိုးစုံကို စားသောက်ခဲ့သည့် လက္ခဏာများကို မှတ်တမ်းတင်နိုင်ခဲ့ကြသည်။  ရုပ်ကြွင်းများနှင့်အတူ တွေ့ရသော လူအရိုးအိုးများနှင့် ရောနှောမြှုပ်နှံထားသော ဆတ် (သို့မဟုတ်) နွားပေါင်ရိုးများဟု ယူဆရသောအရိုးများ တွေ့ရှိရမှုနှင့် ဆက်စပ်ကြည့်လျှင် ထိုခေတ်လူများသည် အိမ်မွေးတိရစ္ဆာန်များဖြစ်သော နွားများအပြင် အိမ်မွေးမဟုတ်သည့်ဆတ်ကဲ့သို့သော သတ္တဝါမျိုးနှင့် သမင်ကဲ့သို့သော သတ္တဝါမျိုးတို့ကိုလည်း စားသောက်တတ်ကြကြောင်း ခန့်မှန်းနိုင်ခဲ့ကြသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေး 

နွားကို အနောက်အာရှတွင် လွန်ခဲ့သောနှစ်ပေါင်း ၆၀ဝ၀ ခန့်က အိမ်မွေးတိရစ္ဆာန်အဖြစ် စတင်မွေးမြူတတ်လာပြီး တရုတ်ပြည်အနေဖြင့်မူ လွန်ခဲ့သော နှစ် ၃၄၀ဝ ခန့်ကမှ မွေးမြူတတ်ခြင်းဖြစ်သည်။ ဆိတ်နှင့် သိုးကိုလည်း အနောက် အာရှတွင် လွန်ခဲ့သော နှစ် ၇၀ဝ၀ ခန့်မှစ၍ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတတ်ခဲ့ကြသည်။ အမဲလိုက်ရာတွင် အကူအညီ ရမည့် ခွေးမှလွဲ၍ နွား၊ ဆိတ်နှင့် သိုးတို့ကို အိမ်မွေးတိရ္ဆာန် အဖြစ် မွေးမြူခဲ့ကြခြင်းဖြစ်သည်။

ကြေးခေတ်ကာလသည် စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်သည့်ကာလ ဖြစ်သော်လည်း မည်သည့် ကောက်ပဲ သီးနှံများ စိုက်ပျိုးခဲ့သည်ကို ခန့်မှန်းရန် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရသေးပေ။ စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ လုပ်ကိုင်ကြမည်ဖြစ်သည်။ တစ်ချိန်တည်း မှာပင် ကုန်သွယ်မှုများလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အဆင့်မြင့်သည့် ယဉ်ကျေးမှုတစ်ရပ်သို့ ဆက်သွယ်မှုများ ပိုမိုများပြားလာမည်ဖြစ်၍ ယဉ်ကျေးမှု အခြေအနေတစ်ရပ်မှ နောက်တစ်မျိုးသို့ကူးပြောင်းရန် အချိန် ကာလသည် ယခင်ကလောက် ရှည်ကြာလိမ့်မည်မဟုတ်ဟု ယူဆခဲ့ကြသည်။

ယဉ်ကျေးမှုခေတ်ကာလတစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာတွင် တွေ့ရလေ့ရှိသော ယခင်ခေတ် အသုံးအဆောင်များကို နှောင်းခေတ်ယဉ်ကျေးမှုအစပိုင်းတွင် ဆက်လက်သုံးစွဲလေ့ရှိကြောင်း အထောက် အထားအဖြစ် ရွာကုန်းကြီးဒေသ ၂၀ဝ၉ ခုနှစ် တူးဖော်မှုတွင် ကျောက်လက်နက်နှင့် ကြေးထည်ပစ္စည်း တို့ကို ရောနှောတွေ့ရှိခြင်း၊ ကန်သစ်ကုန်း ၂၀ဝ၈ တူးဖော် မှုတွင် ကြေးလက်နက်နှင့် သံလက်နက်တို့ကို ရောနှော တွေ့ရှိ ခြင်းတို့က သက်သေပြုလျက်ရှိပေသည်။

မြို့ပြအဖွဲ့အစည်းများတည်ထောင်ခြင်း 

သမိုင်းမတင်မီကာလမှ မြန်မာရှေးဦးလူသားများသည် ကျေးရွာအဖွဲ့အစည်းငယ်များဖြင့် တကွဲတပြား နေထိုင်ကြရာမှ အကြို မြို့ပြယဉ်ကျေးမှုပုံစံအဆင့်သို့ ကူးပြောင်းရာတွင် စမုံမြစ်ဝှမ်းလွင်ပြင်မှ စတင်ခဲ့ ဟန်တူကြောင်း၊ ၎င်းဒေသမှ အုပ်စုသုံးစု ခွဲထွက်ခဲ့၍ အုပ်စုတစ်စုမှာ ဟန်လင်းဒေသသို့ လည်းကောင်း၊ အုပ်စုတစ်စုမှာ ဗိဿနိုးဒေသသို့လည်းကောင်း၊ ကျန်တစ်စုမှာ သရေခေတ္တရာသို့လည်းကောင်း အသီးသီး ရောက်ရှိသွားကြပြီး မြို့ ပြအဖွဲ့အစည်းများတည်ထောင်ရန် အားထုတ်ကြိုးပမ်းခဲ့ကြသည်ဟု သုံးသပ်ယူဆ ကြောင်း သိရှိရသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုမှ တွေ့ရှိချက်များ အရ ကြေးခေတ်သင်္ချိုင်းနေရာ (Burial Mound)များသည် မြေပြင်အထက် အနည်းငယ် မြင့်တက်လျက်ရှိသော ကုန်းမြင့် ဆင်ခြေလျှောများတွင် အများဆုံး တည်ရှိနေလေ့ရှိပြီး ထို ကုန်းမြင့် မြေပြင်ပေါ်၌ သဘာဝရာသီဥတု တိုက်စားမှုကြောင့် လည်းကောင်း၊ လူတို့၏ပယောဂများကြောင့်လည်းကောင်း အိုးခြမ်းကွဲများ၊ အရိုးအစအနများနှင့် ပုတီးစေ့ငယ်များကို အနည်းနှင့်အများ တွေ့ရှိရလေ့ရှိသည်။

ကြေးခေတ်ဆိုင်ရာ လက္ခဏာများ 

ကြေးခေတ်ဆိုင်ရာ လက္ခဏာများအနေဖြင့် လေ့လာ ရလျှင် ကြေးခေတ်လူသားတို့သေဆုံးလျှင် သတ်မှတ်ထား သော သင်္ချိုင်းနေရာ၌ စနစ်တကျမြှုပ်နှံသည်။ သင်္ချိုင်းနေရာမှာ များသောအားဖြင့် မို့မောက်သော ကုန်းမြင့်နေရာဖြစ် သည်။ ကျေးရွာတည်ထောင်ကာ အခြေချနေထိုင်သည်ဟု ယူဆရသည်။ ၎င်းနေရာများကို စနစ်တကျ ရှာဖွေမှု မပြုနိုင်သေးပေ။ သင်္ချိုင်းနေရာ(ဝါ) ၎င်းတို့နေထိုင်ခဲ့သောနေရာ အနီးဝန်းကျင်၌ ချောင်းငယ်၊ မြောင်းငယ်များရှိသည်။ စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ လက်မှု အတတ်ပညာများဖြစ်သည့် အိုးလုပ်ခြင်းနှင့် အဆင်တန်ဆာ ပုတီးပြုလုပ်ခြင်း၊ လက်နက်ကိရိယာပြုလုပ်ခြင်း အတတ် ပညာများကို ကျွမ်းကျင်တတ်မြောက်သည်။ 

ကြေးခေတ်လူရုပ်ကြွင်း အရိုးစုနှင့်အတူ အစားအသောက်များထည့်သွင်းသည့်ဓလေ့ ရှိခြင်းကြောင့် တမလွန်ယုံကြည်မှုရှိနိုင်သည်။ ကြေးလက်နက်များကို ကျောက်ပုံစံခွက်များဖြင့်ပြုလုပ်ခဲ့ကြသည်။ အုပ်ချုပ်သူ အကြီးအကဲ ရှိခဲ့ကြပေလိမ့်မည်။ ထို့ပြင် ကြေးခေတ်ကာလ ရွာအချင်းချင်း ကူးလူးဆက်ဆံမှုရှိနိုင်ကြောင်း ခန့်မှန်းမိပေသည်။ ကြေးခေတ်ကာလ သေဆုံးသူများနှင့်အတူ ကြေးလက်နက်၊ ကြေးနန်းစည်းထုပ်များ၊ ကြေးလက်ကောက်များ၊ ကျောက်ကွင်းလက်ကောက်များ၊ ကျောက်ပုတီးမျိုးစုံ၊ မြေပုတီး၊ အရိုးပုတီးများ၊ မြေအိုးမြေခွက်များနှင့်အတူ အစားအစာ၊ အသုံးအဆောင်များ ရောနှောမြှုပ်နှံသောဓလေ့ ရှိကြပေသည်။ ကြေးခေတ် သင်္ချိုင်းနေရာများအပြင် ကြေးလက်နက်ထုတ်လုပ်သောနေရာများကိုလည်းတွေ့ရှိနိုင်ပေသည်။

ကြေးခေတ်ဒေသများကို တူးဖော် လေ့လာကြည့်ခြင်းအားဖြင့် ထိုခေတ်လူသားတို့၏ နေ့စဉ်ဘဝ နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ လူမှုစီးပွားရေးပုံစံနှင့် အခြေချနေထိုင်မှုပုံစံ စသည်တို့ကို လေ့လာသိရှိနိုင်သည်။

မြန်မာနိုင်ငံ၏ ကြေးခေတ်ယဉ်ကျေးမှု 

ထိုသို့သောအချက်အလက်များနှင့် ပြီးပြည့်စုံစွာတည်ရှိသော၊ ကြေးခေတ်ယဉ်ကျေးမှုလက္ခဏာ များစွာရှိခဲ့သော မြန်မာ့ကြေးခေတ်ယဉ်ကျေးမှုကာလ မရှိဟု ယခင်က ဆုံးဖြတ် ပြောဆိုမှုများသည် ယခုအခါတွင်တော့ တက်တက်စင် အောင် လွဲမှားခဲ့ရပြီဖြစ်ပေသည်။ မြန်မာ-ပြင်သစ် ပူးပေါင်း၍ ကြေးခေတ်တူးဖော်ရေး လုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက နိုင်ငံခြားသားပညာရှင်များနှင့် တွဲဖက်လျက် ကွင်းဆင်းလေ့လာ ရှာဖွေတူးဖော် ခဲ့ကြသည့် ရလဒ်များကြောင့် မြန်မာနိုင်ငံ၏ ကြေးခေတ် ယဉ်ကျေးမှုသည် ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်စေခဲ့သည်။ နောင်လာမည့် နှစ်အဆက်ဆက်တို့တွင်လည်း မြန်မာနိုင်ငံ၏ ကြေးခေတ်ယဉ်ကျေးမှုဓလေ့ ထွန်းကားခဲ့ရာ နေရာနယ်ပယ် အသီးသီးတွင်လည်း ကြေးခေတ် ကာလလူသားတို့၏ အခြေချနေထိုင်မှုဓလေ့ကို ဆက်လက် ဖော်ထုတ်လေ့လာနိုင်ကြလိမ့် မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။