အောင်လံ ၁၂ မေ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ရွာမထုံး၊ အလယ်ရွာကျေးရွာနှစ်ရွာရှိ ကျေးလက်နေ တောင်သူများ၏ လယ်ယာမြေ ဧက ၇၀၀ ကျော်မှ ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်ခဲ့သည့် ရွာမထုံး-အလယ်ရွာ ကျေးလက်ကုန်ထုတ်လမ်း နှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ တံတားတစ်စင်း တည်ဆောက်မှုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်သောကြောင့် ယင်းလယ်ယာများမှ လယ်ယာထွက်ကုန်များဈေးကွက်သို့ အချိန်မီ ရောက်ရှိတော့မည် ဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရွာမထုံး - အလယ်ရွာ ကျေးလက် ကုန်ထုတ်လမ်းမှာ လမ်းအရှည် တစ်မိုင် အကျယ် ၁၂ ပေ ထု ကျောက်ရောမြေ တစ်ပေ နှင့် ၉လက်မမြေနီကျောက်စရစ်လမ်းခင်းခြင်း နှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ အရှည် ပေ ၂၀ အကျယ် ၅ ပေ အမြင့် ၆ ပေရှိ Box Culvert တံတားတစ်စင်းတို့ကို အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂ သန်းဖြင့် တင်ဒါအောင်မြင်သော ဟိန်းလျှံစိုးကုမ္ပဏီမှ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ အတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးကပြောသည်။
ငြိမ်းသူ(စလင်း)


