နေပြည်တော် ဇူလိုင် ၉
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဉက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာစေမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပထမဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ဒုတိယ ဦးစားပေးအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ် နှစ်တို/နှစ်ရှည်စီမံကိန်းရေးဆွဲခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုး တက်ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တွန်းအားပေးဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့ပြင် ကျေးလက်ဒေသရှိ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်လျက်ရှိသည့် သွင်းအားစုနှင့် ငွေကြေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်အောင် သုတေသန လုပ်ငန်းများနှင့် ဈေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်အခြေခံအဆောက်အအုံ လုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ကျေးလက်နေပြည်သူများ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မား အောင်ဆောင်ရွက်ပေးခြင်း စသည့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား ပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ရည်မှန်းချက်များ ပြည့်မီအောင် ပိုမိုပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ကြရေးကိစ္စရပ်များကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေး (၂/၂၀၂၃) ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီဝင် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများအလိုက် ညှိနှိုင်းဆွေးနွေးရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကော်မတီဝင်များနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေး ကြရာ ကော်မတီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းနှင့် ရန်ပုံငွေလျာထားခြင်း ကိစ္စရပ်များအပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ကော်မတီဝင်ဆက်စပ်ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအနေဖြင့် ကျေးလက်လမ်းလုပ်ငန်းများကို လမ်းအရှည် (၂၂၃၂/၃ ဒသမ ၀၈)မိုင်၊ တံတား(၃၁၅၈)စင်း ပေ(၆၅၅၀၀)၊ ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း (၂၉၄၁)ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်းကို တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာ(၉၂၇)ရွာ ၊အိမ်ခြေ (၄၄၈၉၆)၊ အသေးစားဓါတ်အားပေးလုပ်ငန်းဖြင့် ကျေးရွာ(၁၃)ရွာ၊ အိမ်ခြေ (၂၄၁၅)၊ မဟာဓာတ်အားလိုင်းစနစ်ဖြင့် ကျေးရွာ(၉၂၇)ရွာ၊ အိမ်ခြေ(၁၆၈၅၀၂)၊ မဟာဓါတ် အားလိုင်း (Off-grid)အနေဖြင့် လျှပ်စစ်သွယ် တန်းခြင်း (၀/၀ ဒသမ ၅၆ မိုင်)၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းအကြိမ်ရေ (၁၈၆၃) ကြိမ် ၊ သင်တန်းသားဦးရေ (၃၇၅၂၆)ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး(၁၁၃၆၈)ဦး အလုပ်အကိုင် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ခေတ်မီ စံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း(၄၅)ရွာ၊ ကျေးလက် စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(၅၂)ယူနစ်၊ မြစိမ်းရောင် စီမံကိန်း(၂၄၅)ယူနစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(၁၈၆၄)ရွာ၊ Cash for Work စီမံကိန်း(၉၈)ရွာတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


