နေပြည်တော် ၁၇ နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားခြင်းကြောင့် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်စေပါကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို လျော့ပါးစေရန် စီးပွားရေးကုစားမှု အစီအစဉ် COVID-19 (CERP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ပျမ်းမျှအားဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်းများကို ကျေးရွာပေါင်း (၂၀၀၀)တွင် လည်းကောင်း၊ အသေးစားနှင့် ဆိုလာစနစ်တို့ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းများကို ကျေးရွာပေါင်း (၈၀၀)တွင်လည်းကောင်း၊ ကုန်ထုတ်လမ်း (၇၉၀)မိုင်ကိုလည်းကောင်း၊ တံတား (၉၂၁)ခုကိုလည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းကို ကျေးရွာပေါင်း (၄၀၀)တွင် လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာပေါင်း (၃၅၀၀)နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို (၉၂၈)ကြိမ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေနှင့် နည်းပညာအထောက်အပံ့တို့ဖြင့် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

Cash for Work စီမံကိန်းသည် ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ ချက်ချင်းရရှိစေရန် ရည်ရွယ်၍ မြို့နယ် (၂၅၉)မြို့နယ်ရှိ ကျေးရွာပေါင်း (၂၅၀၅)ရွာ၌ လူမှုရေးအခြေခံ အဆောက်အဦများကို အလုပ်သမား (၄၄၀၂)ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းသည် လုပ်ကွက်ငယ်တောင်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ တိုးတက်လာခြင်းနှင့် ၀င်ငွေတိုးမြှင့်လာစေရန် ရည်ရွယ်ပြီး ကျေးရွာပေါင်း ၁၇၁၀ ရှိ အိမ်ထောင်စုပေါင်း (၁၃၄,၀၀၀) တွင် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အပြင် ကျေးလက်ဦးစီးနှင့် UNICEF တို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအားလုံးရှိ ကျေးရွာပေါင်း (၂၇၈၇)ရွာ၊ မြို့နယ်ပေါင်း (၃၃၉)မြို့နယ်ရှိ ဈေးများ၊ ကျောင်းများ၊ Quartine Center တို့တွင် လက်ဆေးဘေစင် (၄၀၆၃)စင်ကို တပ်ဆင်ပေးခဲ့ပါကြောင်း၊ ကျေးလက်ပြည်သူများ၏ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချစေရန် အသေးစားလျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အားခ လျှော့ချပေးခြင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းတွင် အတိုးနှုန်းများ လျှော့ချပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်သည့် အဖွဲ့အစည်းများမှ ကိုဗစ်-၁၉ တုံ့ပြန်နိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အစီအစဉ်များရှိပါက ယခုအစည်းအဝေးတွင် မျှဝေပေး စေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့စည်းများမှ တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်