ကျေးလက်ဒေသ ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (WASH) ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံးအမှတ်(၃၆)တွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ WASH ကဏ္ဍပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဌာနများဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများဖြစ်သည့် World Bank၊ UNICEF၊ JICA၊ KFW နှင့် WASH ကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသော NGO၊ INGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အားလုံးပူးပေါင်းပါဝင် ရေးဆွဲခဲ့သော ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး မဟာဗျူဟာ၏ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်၊ မြန်မာ့ဖွံ့ဖြိုးမှုအစီအစဉ် ရည်မှန်းချက်နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများနှင့်အညီ ၂၀၃၀ ခုနှစ်တွင် ကျေးလက်နေပြည်သူများ လုံးရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရေး အလေးထားဆောင်ရွက်ခဲ့သည့် ရလဒ်အဖြစ် (၂)နှစ်အတွင်း ရေရရှိရေးလုပ်ငန်းပေါင်း (၆၉၂၆)ခု ဆောင်ရွက်ခြင်းမှ လူဦးရေ (၃ ဒသမ ၃)သန်းကျော် အကျိုးကျေးဇူးခံစားရမည့်အပြင် ကျေးရွာပေါင်း (၂၄၁၀)တွင် ရေမီတာသုံးပိုက်လိုင်း စနစ်များကိုလည်း ပြည်သူ- ကျေးလက်- ယူနီဆက် ပူးပေါင်းမှုဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် အပူချိန်မြင့်မား၍ သောက်သုံးရေ ပိုမိုလိုအပ်လျက်ရှိကြောင်း။
ရေရှားပါးသည့်ဒေသများ၊ ရေရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေပေးဝေနိုင်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် WASH ကဏ္ဍနှင့် Safety Managed System ဖြစ်သော ရေမီတာသုံးကျေးရွာများအား နိုင်ငံစစ်တမ်းများတွင် ထည့်သွင်းနိုင်ရေးနှင့် အချက်အလက်များ ကောက်ယူနိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေနိုင်ရေး လိုအပ်သောနေရာများတွင် သင့်လျော်သော ရေသန့်စင်စနစ်များအား သုတေသနပြုလုပ်၍ ဆောင်ရွက်သွားရန်၊ ကျန်းမာရေး၊ ပညာရေးဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်သွားရန်၊ ကျေးရွာအမှိုက်စွန့်ပစ်စနစ် စီမံခန့်ခွဲမှုအား ဆောင်ရွက်ပြီး ကျေးရွာ(၃၁၂)ရွာမှတစ်ဆင့် ပိုမိုတိုးတက်ချဲ့ထွင်နိုင်ရေး တွန်းအားပေး ပူးပေါင်းဆောင်ရွက်ရန်၊ ရေရှားပါးသည့် ပြဿနာများဖြေရှင်းရာတွင် မလွယ်ကူသော်လည်း ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ အစီအမံများ ရေးဆွဲဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ WASH ကဏ္ဍတွင် ဆောင်ရွက်နေမှုအား တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှလည်း လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်မှု အစီအမံများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)