ကျေးလက်ဒေသ တောရွာများတွင် ယနေ့တိုင် မြင်တွေ့နေကြရသည့် မြန်မာတို့၏ မိရိုးဖလာရိုးရာ လက်မှုလုပ်ငန်းများ

ဇွန် ၆

ရှေးမြန်မာဘုရင်များ လက်ထက်တွင် စက်မှုလုပ်ငန်းများ မရှိခဲ့သော်လည်း အိမ်တွင်းလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ နိုင်ငံတစ်ဝန်းလုံး အနှံ့အပြားရှိခဲ့သည်။ အိမ်တိုင်းအိမ်တိုင်း၌ ရက်ကန်းစင်များကို တွေ့ရှိရပြီး ရွာတိုင်းရွာတိုင်း၌လည်း တောင်းရက်ခြင်း၊ ပလုံးရက်ခြင်း၊ ဖျာရက်ခြင်း၊ အိုးဖုတ်ခြင်းနှင့် ပန်းထိမ်၊ ပန်းဘဲလုပ်ငန်းများ တွေ့ရှိရသည်။ မြို့ကြီးများတွင် လက်မှုလုပ်ငန်းများအစား စက်ပစ္စည်းများဖြင့် အစားထိုး ဝင်ရောက်လာ၍ လက်မှုလုပ်ငန်းအချို့ ပျောက်ကွယ်ခဲ့ကြသော်လည်း ကျေးလက်တောရွာများတွင် လက်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက် ရှိနေကြသည်။

တစ်စတစ်စဖြင့် တိုးချဲ့လုပ်ကိုင်လာကြသော လုပ်ငန်းများမှာ ယွန်းထည်လုပ်ငန်း၊ ထန်းလျက်၊ ကြံသကာနှင့် ဆားချက်ခြင်း လုပ်ငန်းများ၊ ငပိ၊ ငခြောက်၊ ငံပြာရည်၊ ဂျက်ခုတ်လုပ်ငန်းအပြင် အဝတ်အထည် အမျိုးမျိုး ရက်လုပ်ခြင်း လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ကြသော်လည်း ဗြိတိသျှခေတ်တွင် အိမ်တွင်းလက်မှု လုပ်ငန်းများ ဆုတ်ယုတ်ကွယ်ပျောက်ခဲ့သေးသည်။ သို့သော် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အိမ်တွင်းလက်မှုပညာများ ထွန်းကားတိုးတက်စေရန် အစိုးရနှင့်လူထု တညီတညာတည်း အားထုတ် ဆောင်ရွက်ခဲ့ကြသည်။

 

mdn

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အမှီပြုနေထိုင်ကြရသလို တောင်သူလယ်သမားများ၏ လက်မှု လုပ်ငန်းများသည်လည်း စိုက်ပျိုးရေးအတွက် ဝင်ငွေ ဖြည့်တင်းပေးရပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်တောရွာများတွင် နေထိုင်သော တောင်သူလယ်သမားများ ဖြစ်ကြသဖြင့် အိမ်တွင်း လက်မှုလုပ်ငန်းများ ရှိမှသာ ထိုသူတို့၏ နေရေးထိုင်ရေးနှင့် လူနေမှုအဆင့် မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုလက်မှုလုပ်ငန်းများသည် စက်ရုံကြီးများ၊ အလုပ်ရုံကြီးများကဲ့သို့ ရင်းနှီးငွေ များစွာမလိုချေ။ သင့်တင့်သော ငွေကြေးနှင့်ပင် လည်ပတ်အောင် ဆောင်ရွက်နိုင်သည်။ ထိုကြောင့် ရင်းနှီးငွေ ရှားပါးသော မြန်မာနိုင်ငံအတွက် ထိုလုပ်ငန်းကလေးများ ထွန်းကားမှသာ ပြည်သူများ အဆင်ပြေကြပေမည်။

ယခုအခါ လက်မှုလုပ်ငန်းများသာမက မွေးမြူရေးလုပ်ငန်းများ ဖြစ်သော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲနှင့် ငါးမွေးမြူခြင်းများအပြင် အုတ်လုပ်ငန်း၊ အိုးလုပ်ငန်း၊ မီးသွေးဖုတ်၊ ထုံးဖုတ်၊ ဆားချက်၊ ထီးလုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ သားရေလုပ်ငန်း၊ ကြိမ်လုပ်ငန်း၊ အိုးခွက်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ ကော်ဖီမှုန့်၊ ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ လုပ်ငန်းများ လုပ်ကိုင်ကြပြီး အချို့ကို ခေတ်မီစက်ကရိယာများ အသုံးပြုလျက် လုပ်ကိုင်လာကြသည်ကို တွေ့ရလေသည်။ သို့သော် ကျေးလက်တောရွာများတွင် ရက်ကန်းရက်လုပ်ခြင်း၊ တောင်းပလုံးရက်လုပ်ခြင်း၊ ဖျာအမျိုးမျိုး ရက်လုပ်ခြင်းနှင့် အိုးလုပ်ငန်းများကိုတော့ မြန်မာတို့၏ မိရိုးဖလာရိုးရာ လက်မှုလုပ်ငန်းများအဖြစ် လုပ်ကိုင်နေကြသည်ကို ယနေ့တိုင် တွေ့မြင်နေကြသေးသည်။

ဇေယျာထက် (မင်းဘူး)