mdn

သတင်းဆောင်းပါး - မေယု-မျိုးအောင်(MANA)

 

ကမ္ဘာ့နိုင်ငံများတွင် ရေရှည်တည်တံ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီ ရရှိရေးသည် အဓိကကျလှသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ နှစ်ပတ်လည်ညီလာခံတွင် “လူတိုင်း လက်လှမ်းမီကျန်းမာရေးလွှမ်းခြုံမှု”သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့လုံခြုံမှုအတွက် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြသည်။ အဖွဲ့ဝင် နိုင်ငံအားလုံးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင်များဖြင့် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုကို ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံများ၌ အပြည့်အဝရရှိရေးအတွက် ကြိုးပမ်းရန် သဘောတူညီခဲ့ကြသည်။

 

လက်ရှိကျန်းမာရေးပြဿနာများ

 

မြန်မာနိုင်ငံ၏ ခန့်မှန်းလူသက်တမ်းသည် ၆၄ ဒသမ ၇ နှစ်ဖြစ်ပြီး အာဆီယံ ဒေသတွင်း အနိမ့်ဆုံးဖြစ်နေသည်။ တီဘီ၊ ငှက်ဖျား၊ ခုခံကျစသည့် ကူးစက်တတ်သော ရောဂါများ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာ၊ ထိခိုက်ဒဏ်ရာရရှိမှုစသည့် မကူးစက်တတ်သော ရောဂါနှင့် မိခင်၊ ကလေးကျန်းမာရေးနှင့် သက်ကြီးရွယ်အိုကျန်းမာရေး တို့သည် လက်ရှိကျန်းမာရေးပြဿနာများအဖြစ် တွေ့ရမည်ဖြစ်သည်။ မြို့ပြဒေသများရှိ ဆေးရုံအခြေပြု အထူးကုဆေးကုသမှုများအတွက် ဦးစားပေး၍ ရင်းနှီး မြှုပ်နှံခဲ့မှုကိုသာ မြင်တွေ့နေရသည်။ နိုင်ငံသူ နိုင်ငံသားအများစု မှီတင်းနေထိုင်ရာ ကျေးလက် ဒေသများအတွက် အခြေ ခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အားနည်းခဲ့ရသည်။

ကျန်းမာရေးအသိပညာ နည်းပါးခြင်း၊ ဆေးဝါးအတွက် ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျေးလက် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်းနှင့် ဒေသခံများ ဆင်းရဲခြင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရခြင်း၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကို အသုံးပြုရန် အားနည်းခြင်း၊ ကောင်းမွန်သော ကျန်းမာရေးအာမခံစနစ် တည်ထောင်ရန် လိုအပ်ခြင်း တို့သည် ကျန်းမာရေးပြဿနာ များ၏ အရင်းအမြစ်များအဖြစ် တွေ့ရှိရသည်။ ယင်းစိန်ခေါ် မှုများတွင် လမ်းပန်း ဆက်သွယ်ရေး၊ စာတတ်မြောက်မှု၊ ယုံကြည်မှုဓလေ့စရိုက်၊ စီးပွားရေးအခြေအနေ၊ ရွှေ့ပြောင်းလူဦးရေနှင့် အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံလျက်ရှိသည်။

 

ကျန်းမာရေးစနစ် လမ်းကြောင်းသစ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လူတိုင်းလက်လှမ်းမီနိုင်သည့် သာတူညီမျှကျန်းမာရေး လွှမ်းခြုံမှုလမ်းစဉ်ကို ထိရောက်စွာဦးတည်ရာတွင် လိုအပ်သောကောင်းမွန် မှန်ကန်သည့် ကျန်းမာရေး စနစ်လမ်းကြောင်းသစ်ကို လျှောက်လှမ်းနိုင်ရန် အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ အား ရေးဆွဲအကောင် အထည်ဖော်လျက်ရှိကြောင်း သိရသည်။ အမျိုးသားကျန်းမာရေးစီမံကိန်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို ခိုင်မာစေပြီး လူတိုင်းလက်လှမ်းမီ ကျန်းမာရေး လွှမ်းခြုံမှုလမ်းကို လျှောက်လှမ်းရာတွင် နွမ်းပါးသူဦးစားပေးသည့်လမ်းကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ ၏ အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ပေးစွမ်းနိုင်ရေး ဖြစ်သည်။ အမျိုးသားကျန်းမာရေးစီမံကိန်းသည် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်များ၊ မိတ်ဖက်အဖွဲ့အစည်း များ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများ အကြား ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ ကို အဆင့်လိုက်၊ အပိုင်းလိုက် စနစ်တကျ ကျွမ်းကျင်မှု ဆိုင်ရာအပိုင်းမှ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဆောင်ရွက်နေသကဲ့သို့ ယခင်က ဝန်ကြီးဌာနတွင် မရှိဖူးသော အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့အား ဖွဲ့စည်းကာ စီမံကိန်းလုပ်ငန်းများကို စနစ်တကျ စောင့်ကြပ်ကြည့်ရှု ဆန်းစစ်လျက် ရှိသည်။ အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် တောင်းဆိုမှုများကို ကူညီဖော်ထုတ်ရန် အလေးထားပြီး အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပေါ် အလေးထားရမည် ဖြစ်သည်။ ပြည်သှူအသံများနှင့် လူထုတာဝန်ယူမှုများကို ထည့်သွင်းခြင်းအားဖြင့် ကျန်းမာရေးစနစ်၏ တုံ့ပြန်မှုများ ပိုမို အားကောင်းလာစေမည် ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီရရှိရေးအတွက် ပြည်သူများ အနေဖြင့် ငွေကြေးကျခံသုံးစွဲနေရသည့် ကျန်းမာရေးစရိတ်များ လျော့ကျစေရန်၊ ကျန်းမာရေးပြဿနာ ဖြစ်ပေါ်လာသည့်အခါ လွယ်လွယ်ကူကူ အခက်အခဲ မရှိ ဆေးကုသနိုင်စေရန် ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားလာစေရန် ရေရှည်တည်တံ့မှုရှိသော၊ ထိရောက်၍ အလေအလွင့် နည်းပါးသော၊ ပြည်သူ့ ကျန်းမာရေးနှင့် ဆေးဝါးကုသမှု နယ်ပယ်နှစ်ရပ်စလုံးကို လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး ပေါ်ထွန်းလာစေရန် မြို့ပေါ်၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အရည်အသွေးပြည့် ကျန်းမာရေး လူတိုင်းရအောင် ဆောင်ရွက်ပေးရန် ရေးသားလိုက်ရပါသည်။