၂၈  စက်တင်ဘာ

၂၀၁၉ ခုနှစ် ဩဂုတ်နှင့် စက်တင်ဘာ နှစ်လအတွင်း မိုးရွာသွန်းမှုများပြားသည့်အတွက် နိုင်ငံ၏ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ နေရာတို့တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ အိုးအိမ်များ၊ လမ်းများ၊ တံတားများ၊ လယ်ယာမြေများ ပျက်စီးခဲ့လေသည်။ မွန်ပြည်နယ်၌ နောက်ဆက်တွဲ အနေဖြင့် တောင်ပြိုမှုပါဖြစ်ပွားခဲ့ပြီး လူအများအပြား ပျက်စီးဆုံးရှုံး ခဲ့သည်အထိ ကြုံကြရပါသည်။

စက်တင်ဘာလအတွင်းက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက မြို့နယ်တိုင်းလိုလိုတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး လယ်ယာမြေအချို့ ပျက်စီးခဲ့ရသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးသည့်နောက် ချောင်းမြောင်းများ ပြည့်လျှံခြင်း၊ တောင်ကျရေကျဆင်းခြင်း၊ ဆည်တမံများ ကျိုးပေါက်ခြင်း စသည်တို့၏ အရင်းခံအကြောင်း အမျိုးမျိုးရှိ၏။

ယခုနှစ် အဖြစ်အပျက်များကိုကြည့်လျှင် မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေကျဆင်းမှုတို့က အဓိကဖြစ်သည်ကို တွေ့ရပါသည်။ ပုံမှန်ထက် မိုးရေချိန်ပမာဏများပြားခြင်းအပြင် သစ်ပင်သစ်တောများ ပြုန်းတီးနေခြင်းက တောင်ကျရေစီးဆင်းမှုအရှိန်ကို မဟန့်တားနိုင်၊ ဒလဟော စီးဆင်းစေလေသည်။

သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ ဆောင်ရွက်မှုများအရ ရိုးမများတွင် သစ်ထုတ်လုပ်မှုများ ရပ်ဆိုင်းထားသော်လည်း ထင်း၊ မီးသွေး ထုတ်လုပ်မှုနှင့် တောင်ယာလုပ်ငန်းများ ဆက်လက် တည်ရှိနေသည်ဖြစ်ရာ သစ်တောပြုန်းတီးမှုများက ရှိနေဆဲပဲဖြစ်သည်ဟု မြင်ပါသည်။ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင် ယခင်သမားရိုးကျ စိုက်ပျိုးမှု မျိုးတွင်ပေါင်းမြက်နှင့် အလေ့ကျပေါက်ပင်တို့က ရှင်သန်ဆဲဖြစ်သဖြင့် တောင်ကုန်းမြေကို အတန်အသင့် ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း ပေါင်းသတ်ဆေးများ သုံးစွဲစိုက်ပျိုးမှုများရှိနေမည်ဆိုလျှင်မူ ပေါင်းပင်တို့ကို အမြစ်ဖြတ်နိုင်သောကြောင့် အပင်မပေါက်နိုင်။ ထို့ကြောင့် ရေထိန်းသိမ်းနိုင်မှု မဲ့နိုင်ပြီး တောင်ကျရေစီးဆင်းမှုကို အားပေးမည်ဖြစ်လေသည်။ ထိုသို့သော ရေစီးဆင်းမှုက ရေရှည်တွင် နုန်းအနည်အနှစ်များ တင်ရှိနိုင်ပြီး ချောင်းမြောင်းများ တိမ်ကောနိုင်သည်ကို သတိပြုသင့်ပါသည်။

ချောင်းမြောင်းများ တိမ်ကောခြင်းဆိုသည်ကလည်း ရေကြီးရေလျှံခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည်။ တစ်ဖန် ချောင်းမြောင်းများ၊ တမံများ၊ ရိုးများသာမက ရေစီးဆင်းသိုလှောင်နိုင်ရာ လမ်းကြောင်းများအားလုံး တိမ်ကော ပျောက်ပျက်ခြင်းများဖြစ်လာလျှင် ကုန်းမြေများပေါ်သို့ ရေလျှံတော့မည်မှာ ဓမ္မတာသာ။

ထို့ကြောင့်လည်း ရှေးရိုးစဉ်ဆက် ရိုးရာမပျက် ဆည်မြောင်းများ၊ ရိုးများ၊ တာများ၊ တမံများ၊ သစ်တောများဖြင့် ရေကို လိုအပ်လျှင် အလွယ်တကူ ရယူရန်နှင့် လိုအပ်သလို ထိန်းသိမ်းနိုင်ရန် စီမံကာကွယ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါမူ အစဉ်အလာထိန်းသိမ်းမှုများ အားနည်းလာပြီး သစ်ပင်သစ်တော အပြောင်ရှင်းမှုများကလည်း ရှိနေသည်။ ထို့ပြင် မြစ်၊ ချောင်း၊ ရိုးများ၏ အရေးပါမှုကို အလေးဂရုမပြုနိုင်ကြဘဲ စက်ကြီးများဖြင့်ဖို့ကာ လယ်မြေခြံမြေများ တိုးချဲ့မှုများက များလာသည့်အတွက် ရေလမ်းကြောင်းများ ပိတ်ဆို့၊ ရေထိန်းဧရိယာများ ပျောက်ဆုံးလာနေပြီး လယ်မြေရွာမြေများ၌ ရေကြီးရေလျှံမှုများ ပိုမိုကြုံတွေ့နေရပြီဖြစ်သည်။

ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေကြီးနစ်မြုပ်မှုက ကာကွယ်ရန်အတွက် အရေးပါသော ချောင်းကော၊ မြောင်းကော နှစ်ဆယ့်ငါးခုကို ကျပ်ငွေကိုးဘီလီယံထိ သုံးစွဲကာ ပြန်လည်ပြုပြင်ရန် စီစဉ်နေကြောင်း သိရသည်။ ထိုသို့ အစိုးရက စီစဉ်နေချိန်တွင် ပြည်သူများကလည်း မိမိတို့ ဒေသများရှိ လယ်မြေများအတွင်းက ချောင်းမြောင်းများ၊ ရိုးများ၊ တမံများကို တတ်နိုင်သရွေ့ ဝိုင်းဝန်းထိန်းသိမ်းကြခြင်းဖြင့် မိမိတို့၏ ဒေသများကို ရေကြီးမှုဒဏ်က သက်သာစေမည်ဖြစ်ပါသည်။

ရေကြီးရေလျှံမှုပြဿနာကို ဖြေရှင်းရာတွင် သတင်းနှင့်အချက် အလက်များ မှန်မှန်ကန်ကန် သိရှိရေးကလည်း အရေးပါသည်ဖြစ်၏။ ကောလာဟလများ၊ သတင်းတုများကို အလွယ်တကူမယုံကြည်ကြဘဲ အခြေအမြစ်ရှိသည့် သတင်းမှန်များကို သတင်းပေးနိုင်ရေးကလည်း အရေးကြီးပါသည်။ ယင်းအတွက် အစိုးရနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ ဒေသခံခေါင်းဆောင်များ၏ အကူအညီကလည်း အရေးကြီးပါသည်။

ယခုအခါတွင် ရေကြီးရေလျှံမှုသည် နှစ်စဉ်လိုလို ကြုံတွေ့နေရသော ပုံမှန်သဘာဝဘေးအန္တရာယ်ဖြစ်လာနေပြီ။ ယခုနှစ်တွင်သာမက နောင်နှစ်များအတွက် ကြိုတင်ပြင်ဆင်ကြရာတွင်လည်း အစိုးရနှင့် ပြည်သှူကိုယ်စား လှယ်များက စနစ်ကျနသော အစီအမံများကို ပြင်ဆင်ဆောင်ရွက်ရန်နှင့်အတူ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကို စည်းရုံးလှုံ့ဆော်ရယူကြခြင်းဖြင့်သာ ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း