မြန်မာနိုင်ငံ၏ တည်နေရာအကျယ်အဝန်းအရ ကျေးလက်ဒေသများသည် အကျယ်ပြန့်ဆုံးဖြစ်သလို နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်များတွင် နေထိုင်လျက်ရှိသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် အစိုးရများလက်ထက်မှ ယနေ့ထက်တိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြသည်။ ယခင်က ဖွံ့ဖြိုးမှုနိမ့်ကျခဲ့သော ကျေးလက်ဒေသများသည် ယခုအခါ သိသာစွာဖွံ့ဖြိုး တိုးတက်လာသော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျသော အချို့ကျေးလက်များလည်း ရှိနေသေးသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ပြီး ပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်စီးပွား တိုးတက်ရေးသာမက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးရေးလုပ်ငန်းမှ အဓိက အထောက်အကူပြုလျက်ရှိသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်နယ်များနှင့် အခြားဖွံ့ဖြိုးမှု နောက်ကျနေသေးသည့် ဒေသများ တစ်ပြိုင်တည်း ဖွံ့ဖြိုးလာစေရန် ကျေးလက်ဒေသပြောင်းလဲဖွံ့ဖြိုးရေးကို ဦးတည်ဆောက်ရွက်ပေးကြရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ကျေးလက်ဒေသများသည် စိုက်ပျိုးရေးကိုအခြေခံပြီး နိုင်ငံအတွက် အဓိကကျ သည်မှန်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုတွင် အကြောင်း အမျိုးမျိုးဖြင့် အခက်အခဲများဖြစ်ပေါ်ခဲ့၍ အချို့ဒေသများတွင် ကျေးလက်များကို စွန့်ခွာ၍ ပြောင်းလဲလုပ်ကိုင်လာမှုများရှိလာသည်။ လူတို့သဘာဝအရ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်လေ့ရှိရာ ကျေးလက်မှ မြို့ပြများသို့ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်မှုများ တစ်စတစ်စများပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန် တကယ်တွင် ကျေးလက်ဒေသများ ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာပါက ရွှေ့ပြောင်း အခြေချမှုလျော့နည်းပြီး ကျေးလက်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံ့ စီးပွားရေးလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။
ကျေးလက်ဒေသ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြင့်မားခြင်း၊ စီးပွားရေးလုပ်ငန်းများဖြစ်ထွန်းခြင်း၊ ဈေးကွက် ဝင်ထုတ်ကုန်များ ပိုလျှံစွာထွက်ရှိခြင်း၊ ကွဲပြားခြားနားသည့် ထုတ်လုပ်မှုပုံစံနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစွာ ပေါ်ထွန်းလာခြင်း စသည်တို့ဖြစ်ပေါ်လာရ မည်ဖြစ်သည်။ ထို့အပြင် ဒေသအလိုက်သင့်လျော်သည့် လယ်ယာပြင်ပလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှု အခွင့်အလမ်းများ၊ ဒေသဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သည့် မူဝါဒများတွင် ပါဝင်နိုင်စွမ်း မြင့်မားလာရမည်ဖြစ်သည်။ ကျေးလက်ဒေသ ပြည်သူများသည် အဆိုပါ အခွင့်အလမ်းများနှင့် အကျိုးစီးပွားများကို ရရှိမည်ဖြစ်သကဲ့သို့ ကျေးလက်ဒေသ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုကျယ်ပြန့်လာပြီး ရေရှည်ဖွံ့ဖြိုးသော ကျေးလက်ဒေသများဖြစ်လာမည်။
ကျေးလက်ဒေသများ ပြောင်းလဲဖွံ့ဖြိုးခြင်းဖြင့် မြေယာပိုင်ဆိုင်မှု၊ နည်းပညာ အသုံးပြုမှု၊ ကျေးလက်နေ ပြည်သူများ၏ စွမ်းဆောင်နိုင်မှု၊ မြို့ပြရောက်လုပ်သားများ မိမိတို့နေရင်းဒေသများသို့ ပြန်လည်ပြောင်းရွှေ့လာပြီး ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြီးပြည့်စုံမှုတို့ ရရှိလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အရင်းမပျောက် မတည်ငွေများထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကျေးလက်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကာကွယ်ရေးကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးခြင်း၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများကို နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိရေးတို့ပါ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်၊ ငွေကြေး မတည်ငြိမ်မှုကြောင့် ရိုက်ခတ်လျက်ရှိသည့် အကျိုးဆက်များမှ ကာကွယ်နိုင်ရန်၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု ဟန်ချက်ညီစေရန်၊ ပြည်နယ်နှင့် အခြား ဖွံ့ဖြိုးမှု နောက်ကျနေသေးသော ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးပြီး မြို့ပြနှင့်ကျေးလက်ကွာဟမှုကို လျှော့ချပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအဖြစ် ငွေကျပ် ဘီလီယံ ၄၀၀ ထူထောင်ပြီး အကျိုးတူလယ်ယာစနစ်ကို တိုင်းဒေသကြီးများနှင့် မြစိမ်းရောင်စိုက်ပျိုးမွေးမြူရေးစီမံကိန်းများအား ဒေသ အလိုက်ဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ်သည်။
သို့ဖြစ်ရာ ကျေးလက်ဒေသများ ပြောင်းလဲဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာပြီး အားလုံးတန်းတူညီမျှဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ကျေးလက်ဒေသ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။
မြန်မာ့အလင်း