တပ်ကုန်း ၁၈ ဩဂုတ်
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကြီးမှူးကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ဩဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက ရှောက်ကုန်းကျေးရွာ အခြေခံအထက်တန်းကျောင်း(ခွဲ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါစကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဝင်းနိုင်တို့က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်တင့်တင့်ခိုင်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့စကားဝိုင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာထွန်းထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဉီးကျော်ကျော်သန်း၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန ဉီးစီးအရာရှိ ဉီးထွန်းညွန့်၊ မြို့မရဲစခန်းမှူးရုံးမှ ဒုရဲအုပ်သန့်ဇင်ဖြိုးတို့က ဉီးဆောင်ဆွေးနွေးပြီးနောက် မြို့နယ်စက်မှုလယ်ယာဉီးစီးဌာန၊ မြို့နယ်လယ်ယာမြေ စိစစ်ရေးနှင့် စာရင်းအင်းဉီးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက ဆက်လက်ဆွေးနွေးပေးကြသည်။
ယင်းနောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည့် ပြည်သူများက လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရေး စသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆင်တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နည်းများ မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသည် (၄)ကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး ရှောက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ ၄၅၀ ခန့် တက်ရောက်ကြောင်း သိရသည်။
တင်စိုးလွင် (တပ်ကုန်း ပြန်/ဆက်)


