ဘားအံ နိုဝင်ဘာ ၂

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးမှုရှိစေရန်အတွက် နှစ်စဉ် နှစ်တိုင်းအဆင့်ဆင့် အကဲဖြတ်သုံးသပ်၍ ပိုမိုထိရောက်ကောင်းမွန်သော နည်းလမ်းများကို ဖော်ထုတ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန်၊ အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်သည့်ဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန အသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် မိမိဒေသ ဖွံ့ဖြိုးအောင်ဆောင်ရွက်ကြစေလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြား သည်။

 

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်သော ကော့ဒါန်းမယ်ကျေးရွာ(VDP) ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ် ရေတိုင်စနစ်) ရေပေးရေးဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက  အဆိုပါ ခန်းမဆောင်တည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

 

ထို့နောက် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင် က ကျေးရွာ VDP ခန်းမဆောင်နှင့်စက်ရေတွင်း၊ ရေစင်၊ အိမ်တိုင်ရာရောက် ရေပေးဝေရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကျေးရွာသူ ကျေးရွာသားများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။  

 

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကော့ဒါန်းမယ်ကျေးရွာ (VDP)ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရေတွင်း(အိမ်သွယ်ရေတိုင်စနစ်)မှ အိမ်တိုင်ရာရောက် ရေပေးရေးရေဘားများကို စတင်ဖွင့်လှစ် ပေးသည်။

 

ယနေ့ဖွင့်လှစ်သည့် ကော့ဒါန်းမယ်ကျေးရွာခန်းမဆောင်(၅၀ပေ x ၃၀ပေ x ၁၂ပေ)ကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၂၅ သန်း စုစုပေါင်း ၃၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး စက်ရေတွင်း၊ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဦး စီးဌာန ရန်ပုံငွေကျပ် ၁၈ ဒသမ ၈ သန်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်းကို ရန်ပုံငွေကျပ် ၁၅ ဒသမ ၇၆ သန်းဖြင့် ဆောင်ရွက်ထားပြီး ရေမီတာ၊ အိမ်သွယ်ပိုက်လိုင်းတို့အား ပြည်သူလူထု အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် အိမ်သွယ်ရေတိုင်စနစ်ဖြင့် အိမ်တိုင်ရာရောက်ရေပေးဝေမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)