ဝန်းသို ၁၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ညောင်ပင်သာကျေးရွာအုပ်စု၊ ဒုံးဒုတ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်ဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း လမ်းကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များလိုက်ပါလျက် ကွင်းဆင်းစစ်ဆေးရာ လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေး အကြံပြုပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေ ငွေကျပ် ၁၃ ဒသမ ၃၀၃ သန်းဖြင့် ဆောင်ရွက်နေသည့် တပ်လွင်ကျေးရွာ စက်ရေတွင်းတူးဖော်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် သက္ကယ်ကျင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ငွေသိန်း(၁၀ဝ)နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ ၁၁ ဒသမ ၇ သိန်း အပါအဝင် ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်နေသော ရွာတွင်းလမ်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုအားပေးပြီး လိုအပ်ချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် တုံးကြိတ်ကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက်၊ ကျပ်သန်း(၁၂ ဒသမ ၆၁)သန်းဖြင့်ဆောင်ရွက်ထားမှုအားစစ်ဆေးရာ လုပ်ငန်းများအားလုံး (၁၀ဝ)ရာခိုင်နူန်း ဆောင်ရွက်ပြီးဖြစ်၍ ကျေးရွာမှရေကော်မတီထံလုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းဆောင်ရွက်ရန်နှင့် ထိန်းသိမ်းဆောင်ရွက်ရန် သင်တန်းများပေးခြင်းများဆောင်ရွက်ရန် ထပ်မံလိုအပ်ကြောင်း မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်