ငဖဲ  ၇   ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်တွင်  ကျေးလက် ကုန်ထုတ်လမ်းများ  အကောင်အထည်ဖော်နေမှုအား သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၇ ရက်နေ့နံနက် ၉ နာရီက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်ရေး ကော်မတီဝင်များ နှင့်အတူ ပေါက်ရင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ကွင်းဆင်းကြီးကြပ်ပြီး လုပ်ငန်းအချိန်မီ ပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။

 

အဆိုပါ ကုန်ထုတ်လမ်းသည် လမ်းအရှည်ပေ ၅၉၅၀၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် အဆိုလမ်းပေါ်တွင် ရေပြွန် ၄ စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၁ သန်းဖြင့် တင်ဒါအောင်မြင်သော ထွန်းကမ္ဘာလင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက် နေခြင်းဖြစ်ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင် ထံမှ သိရသည်။

 

သူရိန်(မင်းဘူး)