ဝန်းသို ၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရေးအတွက် ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းကော်မတီဝင်များက ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လိုသည့် လမ်းပိုင်းအား လိုက်လံပြသရာ တာဝန်ရှိသူများက လိုအပ်သည့် လမ်းအတိုင်းအတာ၊ အကျယ်အဝန်း၊ ဆောင်ရွက်ပေးရမည့် နည်းလမ်းများကို တိုင်းတာဆောင်ရွက်ပေးခဲ့ပြီး ယင်းကျေးလက် ကုန်ထုတ်လမ်း ၂ မိုင်ခန့် ဖောက်လုပ်နိုင်ရန် ဘတ်ဂျက်တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူးထံမှ သိရသည်။
အောင်းပင်ကျေးရွာသည် မြေမျက်နှာသွင်ပြင်အရ တောင်ကုန်းတောင်တန်းများ ပေါများပြီး လယ်နှင့် တောင်ယာ လုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်ကြသော ကျေးရွာဖြစ်သည်။ နယ်နိမိတ်အရ ပင်လည်ဘူးမြို့နယ်နှင့် ထိစပ်နေပြီး မိုင်းသုန်ကျေးရွာမှ အစပြုစီးဆင်းလာသော နမ္မားချောင်းဘေးတွင် တည်ရှိသည့် ကျေးလက်တောရွာ လေးတစ်ရွာ ဖြစ်သည်။

အဆိုပါ ကုန်ထုတ်လမ်းအား ဖောက်လုပ်နိုင်မည်ဆိုပါက အောင်းပင်ကျေးရွာမှ တောင်သူ ၃၆ ဦးအတွက် လယ် ၁၆၂ ဧက၊ တောင်ယာလုပ်ကိုင်သူ တောင်သူ ၂၀ အတွက် ဧက ၄၀ အကျိုးပြုနိုင်မည့်အပြင် မိုင်းသုန်ကျေးရွာနှင့် ချောင်းဖျား ကျေးရွာတို့မှ ဒေသထွက်ထုတ်ကုန် သီးနှံများကို လွယ်ကူစွာ သယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)