နေပြည်တော် ဩဂုတ် ၂၀
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေးနှင့် စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် ကျေးလက်လယ်ယာကုန်ထုတ် လမ်းများ၊ ဆိပ်ခံတံတားများ၊ ကျေးရွာတွင်းလမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ကျေးလက်မီးလင်းရေးအတွက်လည်း ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ် အားရရှိရေး မျှော်မှန်းချက်နှင့်အညီ ပြန်ပြည့်မြဲ စွမ်းအင်အသုံးပြု မဟာဓာတ်အားလိုင်းပြင်ပစနစ်(Off-Grid) မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည့်ကျေးလက်ကုန်ထုတ်လမ်း တံတားလုပ်ငန်းများနှင့် ကျေးလက်မီးလင်းရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး လုပ်ငန်းများ၏ မြေပြင်ပကတိအခြေအနေကို မျက်ခြေမပြတ်ကြည့်ရှုစစ်ဆေး လေ့လာသုံးသပ်၍ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများ ပိုမိုပြည့်စုံကောင်းမွန်အောင် ဖန်တီးလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်မှကျခံသုံးစွဲရသည့်ငွေကြေးများ အလေအလွင့်နည်းပါးပြီး အရည်အသွေး ပြည့်ဝသော လုပ်ငန်းများအဖြစ် ကျေးလက်နေပြည်သူများကို ပြည့်ပြည့်ဝဝ အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခန့်ဇော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၈၁၅)ရွာတွင် ကုန်ထုတ်လမ်းအမျိုးအစားအလိုက် လမ်းမိုင်ပေါင်း (၈၂၉/၀ ဒသမ ၇)မိုင်နှင့် ကုန်ထုတ်တံတားစင်းရေ စုစုပေါင်း (၁၂၀၀)ကို ကုန်ကျ ငွေကျပ်(၄၀၉၅၀ ဒသမ ၁၆၀) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် လူထုအခြေပြု စီမံကိန်းများဖြစ်သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ လူထုဗဟိုပြုစီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်းများဖြင့် ကျေးရွာတွင်းလမ်း (၁၃၆၇၉/ ၄ ဒသမ ၄၅) မိုင်၊ တံတားစင်းရေ (၄၃၇၃)စင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက် ကုန်ထုတ်လမ်းတံတားများ ဖောက်လုပ်ပေးခြင်းဖြင့် ကောက်ပဲသီးနှံ၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အချိန်ကုန် သက်သာလွယ်ကူမြန်ဆန်စေပြီး စိုက်ပျိုးမွေးမြူရေး ဧကပေါင်း (၁၀ ဒသမ ၁၄)သိန်းကျော် အကျိုးပြုပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆိုလာစနစ်၊ အသေးစား ရေအားစနစ်၊ ဒီဇယ်အင်ဂျင်စနစ်၊ မဟာဓာတ်အားလိုင်း တိုးချဲ့သွယ်တန်းခြင်းစနစ်တို့ဖြင့် (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း (၁၈,၄၆၄)ရွာတွင် အိမ်သုံးဆိုလာစနစ်ဖြင့် (၈၁၂,၂၃၄) စုံ၊ အသေးစားဓာတ်အား စနစ်ဖြင့်လုပ်ငန်းပေါင်း (၃၇၃)ခု၊ မဟာဓာတ်အားလိုင်း တိုးချဲ့ သွယ်တန်း ပေးမှုအနေဖြင့် လုပ်ငန်း ပေါင်း (၃,၄၂၀)ခုဆောင်ရွက်ပေးခဲ့ပြီး ကျေးလက် နေပြည်သူ (၄ ဒသမ ၆၂)သန်းခန့် အကျိုးခံစားခွင့် ရရှိခဲ့ပါကြောင်း၊ ကျေးလက်မီးလင်းရေးကဏ္ဍတွင် ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းပါဝင် ဆောင်ရွက်မှု တိုးမြင့်လာစေရေးအတွက် စီမံကိန်းအာမခံချက်ပေးနိုင်ရန် အသေးစားဓာတ်အားစနစ် စီမံကိန်း ဧရိယာများသို့ မဟာဓာတ်အား လိုင်းရောက်ရှိလာပါက ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် တိကျခိုင်မာ သည့် မူဝါဒများချမှတ်ထားရှိရန် လိုအပ်ပါကြောင်း၊ အသေးစားဓာတ်အားစနစ်ဖွံ့ဖြိုးရေး ဆောင်ရွက်သူ Developer များအတွက် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကာလရှည်၊ ကာလလတ်ချေးငွေ အထောက်အပံ့များကို ဘဏ်လုပ်ငန်းကဏ္ဍမှရရှိရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကို ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


