နေပြည်တော်  ၄  အောက်တိုဘာ 

ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းအဆင့် - ၅ ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ  ဂျာမန်ဖွံ့ဖြိုးရေးဘဏ် တို့အကြား ထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက်  နှင့် သီးခြားသဘောတူညီချက်များအား လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

a

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်းများဖွံ့ဖြိုးရေးသည် အရေးကြီးသော  အခန်းကဏ္ဍတွင်ပါဝင်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်စေရန်အတွက် မဟာဗျူဟာများနှင့် ရည်မှန်းချက်များထားရှိဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်လမ်းများဖွံ့ဖြိုးရန်အတွက် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသလမ်းပန်း ဆက်သွယ် ရေး ချောမွေ့စေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာကို (၂၀၁၇-၂၀၃၀) ရည်မှန်းချက် ထားရှိကာဆောင်ရွက်လျက်ရှိကြောင်း၊   ကျေးလက်ဒေသ၌ ကျန်းမာရေး ၊ ပညာရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ၂၀၁၄ ခုနှစ်မှ စတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းအဆင့် (၁ ၊ ၂ ၊ ၃ ၊ ၄ ) ၊ ကျေးလက်လမ်းများ ပြန်လည် ထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်ကုန်ထုတ်လမ်းများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ထောက်ပံ့ငွေပေါင်းယူရို ၄၃ ဒသမ ၉ သန်းပေးအပ်ပြီးဖြစ်ပါကြောင်း ဂျာမန်ဖွံ့ဖြိုးရေး၏ ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အထောက်အပံ့ ယူရို (၈)သန်းကို ယခုလက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။  

ထို့နောက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် မှ Country Director Mr.Curstom က စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းအဆင့် - ၅ အတွက် ထောက်ပံ့ခြင်းဆိုင်ရာသဘောတူညီချက်နှင့် သီးခြားသဘောတူညီချက်များအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်မှ Country Director Mr.Curstomတို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

(သတင်းစဉ်)