ကျောင်းကုန်း ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျေးလက်နေ ပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေပြီး အလုပ်အကိုင်ရရှိစေရေး အတွက်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်စက် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁ရက် နံနက် ၈နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းတို့က အဖွင့်အမှာ စကားပြေားကြားခဲ့ပြီး ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခင်ဇော်က ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း ပြုရန်အတွက်ရည်ရွယ်ပြီး တစ်လုံးထိုး ဒီဇယ်အင်ဂျင်စက်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအား အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသော အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် လက်တွေ့ နယ်ပယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ သင်တန်းသား (၂၀) တက်ရောက်ကြပြီး သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၂၅ရက်နေ့ထိ (၂၅)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တေဇာလင်း


