ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများဆောင်ရွက်ပေး

ညောင်ဦး  ၁  မတ်    

  
ကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါ်အေးအေးမူ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က  မတ် ၁ ရက် ၊ ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာ ရွာလယ်ဓမ္မာရုံသို့ သွားရောက်ပြီး တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ ညောင်ဦးမြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါ်အေးအေးမူ က ကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုပေးမှု အခြေအနေများ၊ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ ရာသီအလိုက် ဖြစ်ပွားတတ်သော နှလုံး၊ သွေးတိုး၊ ဆီးချို၊ ဒူးနာခါးနာနှင့် လေငန်းလေဖြတ် ရောဂါများနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မှီဝဲစားသုံးရမည့် အစာအာဟာရများအကြောင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 


ထို့နောက် ဒုတိယဆေးရုံအုပ်ကြီး ဒေါ်အေးအေးမူနှင့် ဝန်ထမ်းများအဖွဲ့က လက်ဝဲကျေးရွာရှိ ကျန်းမာရေး ချို့တဲ့နေသည့် နာမကျန်းလူနာ ၁၂၆ ဦး အား ရောဂါဝေဒနာများ စမ်းသပ်စစ်ဆေးကာ တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ဆေးကုသပေးရာသို့ ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူ ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)