နေပြည်တော် ဩဂုတ် ၁၇

ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံ လမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ ဒေသနေ ပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့မွန်းလွဲပိုင်းတွင်  ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ၊ ကျောင်းစုကျေးရွာ၊ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ရှားတောကျေးရွာနှင့် အေးချမ်းသာစံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် ညောင်လူး ကျေးရွာသို့ရောက်ရှိပြီး ညောင်လူးကျေးရွာ၊ ကျောင်းစုကျေးရွာဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးစပါးအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများစိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုနှင့် နည်းပညာများကူညီပေးမည်ဖြစ်ကြောင်း၊ ကျေးရွာရှိ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး ကျေးရွာသူကျေးရွာသားများ အားလုံးပူးပေါင်း လုပ်ဆောင် ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသပြည်သူခံများမှ ကျေးရွာ လိုအပ်ချက် တင်ပြချက်မှုအပေါ် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ပေးကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ပို့ချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ခြင်းသင်တန်း ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာပြည်သူ များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့် ဌာနဆိုင်ရာများက စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ခြင်းနှင့် နည်းပညာ အကူအညီများ ဆောင်ရွက်ပေး ပြီးဖြစ်၍ တောင်သူများအနေဖြင့် အဆိုပါ စိုက်ပျိုးမြေများပေါ်တွင် အမှန်တကယ်စိုက်ပျိုးကြရန်၊ ကိုယ်အားကိုယ်ကိုး ဆောင်ရွက်ကြရန်၊ ကိုယ်လုပ်မှ ကိုယ်ရမည်ဖြစ်၍ ကျေးရွာ ခေါင်းဆောင်များကလည်း စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာတောင်သူ များ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာရှိဝက်မွေးမြူသူများ အနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အကူအညီရယူပြီး ဝက်များစနစ်တကျ မွေးမြူနိုင်ရေး တာဝန်ရှိသူများမှ ချိတ်ဆက်ဆောင်ရွက်ရန်   ဆွေးနွေးမှာကြားပြီး ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဂွေးပင်ကျေးရွာစနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧကပေါ်တွင် မိုးစပါးစိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဥတ္တရသီရိမြို့နှင့် ရှားတောကျေးရွာဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက် နေမှု၊ အေးချမ်းသာစံပြေကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း(RBF)ဖြင့် ဝက်မွေးမြူရေးအစုအဖွဲ့နှစ်ဖွဲ့မှ DYL ဝက်မျိုးများ မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်