ထန်းတပင်(ရန်ကုန်) ဇွန် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်း (၂/၂၀၂၁)ကို ကျောင်းကုန်းကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်းကို ကျောင်းကုန်းကျေးရွာမှာ (၄၅)ရက်ကြာ (အခမဲ့) ဖွင့်လှစ်ဆောင်ရွက်ပေးနေတာပါ၊ ဇွန်လ (၂၂)ရက်နေ့ကနေ သြဂုတ်လ (၅)ရက်နေ့အထိပေါ့။ လက်ရှိတက်ရောက်နေတဲ့ သင်တန်းသားဦးရေအနေနဲ့ကတော့ သင်တန်းသားက (၂)ဦးနဲ့ သင်တန်းသူက (၂၆)ဦး စုစုပေါင်း(၂၈)ဦး တက်ရောက်လျက်ရှိပါတယ်”ဟု မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ရှင်းပြသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြရာ သင်တန်းဖွင့်ပွဲသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)