ညောင်ဦး   ၁၅  ဖေဖော်ဝါရီ        

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်၊ ပျဉ်တိုင်းကျေးရွာတွင် အဝီစိစက်ရေတွင်း ချို့ယွင်း ပျက်စီးနေမှုကြောင့် ဒေသခံပြည်သူများ သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရကြောင်းသိရ၍ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ MiMi Pon(Philan thropy) ပရဟိတအသင်းက ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိရေး သွားရောက်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်၊ ပျဉ်တိုင်းကျေးရွာတွင် အိမ်ခြေ ၂၈၉ အိမ်၊ လူဦးရေ ၁၇၄၀ ဦးခန့်ရှိပြီး ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြကာ နှစ်စဉ်သောက်သုံးရေအတွက် ကျေးရွာရှိ အဝီစိစက်ရေတွင်းကိုသာ မှီခိုအားထားပြုနေရကြောင်း သိရသည်။

 

“ကျွန်တော်တို့အဖွဲ့က အပူပိုင်းဒေသမှာရှိတဲ့ သောက်သုံးရေရှားပါးတဲ့ကျေးရွာတွေကို သောက်သုံးရေ ဖူလုံစေရေးအတွက် စက်ရေတွင်းတွေ တူးဖော်လှူဒါန်းပေးနေတဲ့ MiMi Pon(Philan thropy) ပရဟိတအသင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပရဟိတအသင်းကတော့ ရန်ကုန်းတိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်က ဖြစ်ပါတယ်။ ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ သောက်သုံးရေ ရှားပါးတဲ့ ကျေးရွာတွေကို စက်ရေတွင်းများ တူးဖော်လှူဒါန်းခြင်း၊ ပျက်စီးနေတဲ့ စက်ရေတွင်းတွေကို ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ယခုလဲ ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာမှာ စက်ရေတွင်းပျက်လို့ ဒေသခံ ကျေးလက်နေပြည်သူတွေ  သောက်သုံးရေ ရှားပါးမှုအခက်ကြုံနေတာ ခြောက်လလောက်ရှိပြီလို့ ကြားသိရတဲ့အတွက် သွားရောက်ပြုပြင်ပေးတာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာမှာ အိမ်ခြေ စုစုပေါင်း ၂၈၉ အိမ်ခန့်ရှိပြီး လူဦးရေကတော့ ၁၇၀ဝ ကျော် ရှိတယ်လို့ သိရပါတယ်။ စက်ရေတွင်းပြုပြင်ခြင်းအတွက် ကုန်ကျစရိတ်ကိုတော့ ရန်ကုန်မြို့က ဒေါ်ခင်မျိုးညွန့် မိသားစုက လှူဒါန်းပေးတာဖြစ်ပြီး ကျွန်တော်တို့ ပရဟိတအဖွဲ့က တာဝန်ယူ ပြုပြင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခု အဝီစိစက်ရေတွင်းက ပြုပြင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်လို့ ဒေသခံပြည်သူတွေ သောက်သုံးရေရယူသုံးစွဲ နေကြပြီဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် MiMi Pon(Philan thropy)  ပရဟိတအသင်း ဥက္ကဋ္ဌ ဦးမောင်မြင့် က ပြောပြသည်။

ရဲဝင်းနိုင် ( ညောင်ဦး )