ပွင့်ဖြူ ၁၀ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံငါးမွေးမြူရေးသင်တန်းကို စက်တင်ဘာ ၉ ရက်၊ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံပြည့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားမည့် အခြေခံငါးမွေးမြူရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဉာဏ်ဝင်းက သင်တန်းတွင် လိုက်နာရမည့်စည်းမျဉ်း ၊ စည်းကမ်းများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သင်တန်းကိုဖွင့်လှစ်ကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်အောင်နှင့် ဝန်ထမ်းများက ရေချိုငါးမွေးမြူရေးနည်းစနစ်များ ၊ ငါးသားပေါက်ကောင်ရေ တိုးပွားစေမည့် ငါးသားဖောက်နည်းစနစ်များ ၊ ငါးစာ ကျွေးမွေးခြင်းနည်းစနစ်များနှင့် ငါးကန်ထိန်းသိမ်းနည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ရှင်းလင်းဆွေးနွေး ပို့ချပေးခဲ့သည်။
အဆိုပါ အခြေခံငါးမွေးမြူရေးသင်တန်းသို့ ကံပြည့်ကျေးရွာရှိ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ သင်တန်းသား ၂၀ တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


