ဝါးခယ်မ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းကို လမ်းသမိုင်ရွာလေးကျေးရွာ၌ မေ ၂ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု နိုင်မည့် အခြေခံအကြောင်းအရာများ၊ ယခုလို ကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက်နေ လူငယ်လူရွယ်များ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေဖြင့် လည်းကောင်း၊ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများအတွက် လည်းကောင်း၊ တိုးတက်လာသည့် ခေတ်နှင့်အညီ အခြေခံကွန်ပျူတာအား လူငယ်များအနေဖြင့် တက်မြောက်ထားသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံကွန်ပြူတာသင်တန်းကို မေ ၂ ရက်မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ လမ်းသမိုင် ရွာလေးကျေးရွာရှိ လူငယ်၊ လူရွယ် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)