နေပြည်တော် စက်တင်ဘာ ၁၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဒေသထွက်ကုန် မျှစ်ခြောက်ထုတ်လုပ်မှု၊ ဝါးကုန်ကြမ်းကို တန်ဖိုးမြင့်ထုတ်ကုန် လက်မှုထည် အဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ဝိုင်ချက်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် ဝဲကြီးကျေးရွာအုပ်စု သရက်ပင်ကျေးရွာသို့ ရောက်ရှိပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တံမြက်စည်းလုပ်ငန်း၊ ဝဲကြီးကျေးရွာ ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက် သည့် ကျေးရွာတွင်းလမ်း အုတ်ရေနှုတ်မြောင်း တူးဖော်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရန်မှာ အဓိကစီးပွားရေး ကောင်းမွန်ရမည်ဖြစ်ပါကြောင်း။

 

ကျေးလက်နေ ပြည်သူအများစုသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြပါကြောင်း၊ ထိုလုပ်ငန်း များအတွက် လိုအပ်သည့် အရင်းအနှီးချေးငွေကို အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးနိုင်ရေး၊ သွင်းအားစုများ အရည်အသွေးမီ၊ စံချိန်စံညွှန်းမီ ဈေးနှုန်းမှန်ရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်  ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ကျေးရွာကော်မတီမှ ဝိုင်းဝန်းထိန်းသိမ်းရန်ပြောကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ Na Rain Dara Company Limited မျှစ်ခြောက် ထုတ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝါးလုပ်ငန်းအတွက် မျိုး၊ မြေ၊ အရင်းအနှီး၊ စိုက်မြေ ဧရိယာ လိုအပ်ချက်များကို တာဝန်ရှိသူများက တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဒေသထွက် ကုန်ဝါးကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် နိုင်ငံခြားတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ပြီး ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းနှင့် ဝါးစိုက်ခင်းများဖြစ်ထွန်းရန် လိုအပ်သောကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တပ်ကုန်းမြို့နယ် နွားထိုးကြီး စပျစ်ဝိုင်စက်ရုံသို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက စပျစ်စိုက် တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာအောင် ပူးပေါင်းကူညီဆောင်ရွက်ပေးရန် ပြောကြားပြီး စက်ရုံအတွင်း စပျစ်ဝိုင် ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် တပ်ကုန်းမြို့နယ် မြန်မာနိုင်ငံဝါးလုပ်ငန်းအသင်းမှ ဝါးလက်မှုပညာဖြင့် ဆောင်ရွက် ထားသည့် ဝါးလက်မှုပစ္စည်းများ၊ ဝါးဖြင့်ဆောက်လုပ်ထားသည့် အဆောက်အဦများကို  ကြည့်ရှုလေ့လာခဲ့သည်။

(သတင်းစဉ်)