မြောင်းမြ ၁၂ ဖေဖော်ဝါရီ

 

မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကြောင်း လက်သမား၊ ပန်းရံနှင့် ဂဟေဆော် အတတ်ပညာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့နယ် မုဆိုးကွင်းကျေးရွာအုပ်စု၊ မြို့ဦးဘုန်းကြီးကျောင်း ဓမ္မာရုံ အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

"ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ကျေးလက်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ အခြေခံစီးပွားရေး ခိုင်မာလာစေဖို့ ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်" ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက ပြောကြားသည်။

 

သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦးတို့က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက သင်တန်းတွင် တတ်မြောက်ထားသော အတတ်ပညာများဖြင့် မိမိအရပ်ဒေသတွင် ရိုးသားကြိုးစားစွာဖြင့် အသက်မွေးမှုပညာကို အသုံးချစေလိုကြောင်း မှာကြားပြီး သင်တန်းတွင် ထူးချွန်သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

 

"အခုဆို မိမိကိုယ်မိမိ ပိုမိုယုံကြည်ချက်ရှိလာပါတယ်၊ ကိုယ့်အရပ်ဒေသမှာ ပြန်ပြီး ကောင်းကောင်း အသုံးချနိုင်မှာပါ" ဟု မြောင်းမြမြို့နယ် ကွင်းကလေးကျေးရွာမှ သင်တန်းတက်ရောက်သူ မောင်မျိုးလင်းဌေးက ပြောသည်။

 

သင်တန်းကို ဇန်နဝါရီ ၇ ရက်မှ ဖေဖေါ်ဝါရီ ၉ ရက်အထိ အခြေခံလုပ်ငန်းဖြစ်သည့် အုတ်စီခြင်း၊ မဆလာဖျော်ခြင်း၊ ကွန်ကရစ်ဖျော်စပ်ခြင်းနှင့် ရွေဘော်ထိုး၊ လွှတိုက်ခြင်း၊ သစ်သားအိမ်တစ်လုံး ဆောက်လုပ်ခြင်း၊ သစ်အချောကိုင် ပညာနှင့် သံချည်သံကွေး၊ ဂဟေဆော်အတတ် စသည်တို့ကို ဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့် ပြင်ပ ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပြသပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်း ကျေးရွာများမှ သင်တန်းသား (၂၅)ဦးတို့  တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)