မကွေး ၂၄       အောက်တိုဘာ 

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများအတွက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုတိကျသော အချက်အလက်များရရှိစေရန် ရည်ရွယ်၍ ကျေးလက်ရေပေးရေး ဆိုင်ရာ အချက်အလက်များအား RWSMIS Application အသုံးပြု ကောက်ယူခြင်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၁

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ကေsျးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကြီးက မိမိတို့ တိုင်းဒေသကြီးအတွင်း ကျေးလက်နေ ပြည်သူများအတွက် သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို တိကျသော အချက်အလက်များရရှိစေရန်နှင့် ကျေးရွာများ၏ လက်ရှိရေအသုံးပြုနေမှု အခြေအနေများအား သိရှိနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက မိမိတို့မြို့နယ်များအတွင်းရှိ ကျေးရွာများ၏ ရေပေးရေးဆိုင်ရာ အချက်အလက်များကို ကောက်ယူရမှာ ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သင်တန်းနည်းပြ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးကျော်မင်းလွင်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော သင်တန်းသူ သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ကြပါသည်။

 

အဆိုပါ သင်တန်းကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ ဝန်ထမ်း(၅၀)ဦးကို အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

 သန်းလွင်(မကွေး)