မယ်စဲ့ ၁၇ ဇန်နဝါရီ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောက်စုကျေးရွာ၌ ရာသီမရွေးသောက်သုံးရေ ရရှိရေးအတွက် အဝီစိတွင်းတူးဖော်နေမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်က ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးကျော်လင်းအောင်သည် လွိုင်ကော်၊ ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများ၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများ၊ ကယားပြည်နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် စက်ယန္တရားများဖြင့် လေးလက်မ အဝီစိတွင်း အဆင့်ဆင့် တူးဖော်နေမှု အခြေအနေ၊ မြေအမျိုးအစားအလိုက်၊ အလွှာအလိုက် မြေနမူနာယူခြင်း လုပ်ငန်းများ၊ ရေဂါလန်ထွက်ရှိမှု စမ်းသပ်ခြင်း နည်းပညာများကို လေ့လာခဲ့ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက စက်ယန္တရားများဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
ဝတ်ရည်(မယ်စဲ့)