ကြံခင်း၊ ၃၀ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးလက်ရေပေးရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်း အပ်နှံခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းနည်း သင်တန်းပေးခြင်း အခမ်းအနားကို မေ ၃၀ ရက် နံနက် ၉ နာရီခွဲက ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြံခင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်က ယခုဘဏ္ဍာရေးနှစ်တွင် ကြံခင်းမြို့နယ်အတွင်းရှိ ပေါက်တိုင်း၊ ကြိုးကြာတန်း၊ ကလို့ကွင်း (အရှေ့)၊ ပန်းပင်ကုန်း၊ ကျောက်ပါးစပ် ကျေးရွာများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မူလခွင့်ပြု ရန်ပုံငွေကျပ် စုစုပေါင်း ၅၆ ဒသမ ၆ သန်းဖြင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း (၅) ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးလက်ရေပေးရေး လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာရေရရှိရေး ကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်းအပ်နှံလွှာများ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်နှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေးကော်မတီဝင် (၁၅) ဦးကို လည်ပတ်ပြုပြင် ထိမ်းသိမ်းနည်းများ၊ ရေစက်ရုံ၊ ရေကန်ပြင်ဆင် ထိန်းသိမ်းနည်းများနှင့် ငွေစာရင်းရေးသွင်း နည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
စိုးမိုကျော်


