ကျောက်ဆည်၊ မတ်-၁၅

 

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ဆည်ကုန်း-ဈေးရွာကျေးရွာခြင်းဆက်လမ်းအား ဂျင်းကျောက်ခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

              အဆိုပါလမ်းအား ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၃ သန်းအကုန်အကျခံကာ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါလမ်းအား အဓိကအသုံးပြုနေသော သင်္ဂတုံ၊ အရှေ့သာဂရ၊ ဆင်ဖြူ၊ ရွာသာရွာ၊ ဆည်ကုန်း၊ ဈေးရွာ စသည့်ကျေးရွာများမှ ပြည်သူများအတွက်  ဒေသထွက်ကုန်များ သယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိးတိုးတက် လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

              ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းများ အသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းအား အထောက်အကူ ဖြစ်စေရေး၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏(၈၀)ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ (၉၀)ရာခိုင်နှုန်းအနေဖြင့် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)