အောင်လံ   ၁ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မိုးကောင်းကျေးရွာအနီး ပြည်-မန္တလေး လမ်းမကြီးပေါ်ရှိ ကြေးနီချောင်း တံတား၏ အလယ်ဒေါက်တိုင် မျောပါပျက်စီးမှုကို တံတားအထူးအဖွဲ့ တည်ဆောက်ရေး(၃)မှ ယာယီဒေါက်တိုင်အဖြစ်  ပြုပြင်ဆောင်ရွက်ပြီးဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ၃၆ တန်အထိ မော်တော်ယာဉ်ကြီးများ ဖြတ်သန်း မောင်းနှင်ခွင့်ပြုကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

 

536

 

အဆိုပါ ကြေးနီချောင်းတံတားသည် အရှည်(၃၀၆)ပေရှိပြီး ဩဂုတ် ၁၂ ရက်က မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေ စီးဆင်း တိုက်စားမှုကြောင့် တံတားအလယ်ခန်းဖွင့်ရှိ အလယ်တွင် ထောက်ထားသည့် RC ထောက်တိုင် တစ်တိုင် ရေစီးနှင့်မျောပါမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယာယီဒေါက်တိုင်အဖြစ်  ပြုပြင်ဆောင်ရွက်ပြီးဖြစ်သဖြင့်  ၃၆ တန်အထိ မော်တော်ယာဉ်ကြီးများကို စမ်းသပ် မောင်းနှင်စေခဲ့ရာ ဝန်ခံနိုင်ရည် စိတ်ချရသဖြင့် ယာဉ်ကြီး ယာဉ်ငယ်များအားလုံးကို ဖြတ်သန်းမောင်းနှင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

သိန်းလွင်(အောင်လံ)