တောင်တွင်းကြီး၊   ၄   ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ  ညာတော၊ ကျီးအင်ကုန်း၊ ဆင်လူး၊ မှုတ်ရှည်၊ သပြေပင်၊ စည်သာကြီး၊ ဂွေးတောက်ခုံ၊ ပွင့်လှလေး၊ စည်ပင်သာယာ၊ ဇောင်ချမ်းတောင်၊ ဝါးသုံးပြူး၊ ကြက်သျှာကျေးရွာ ၁၂ ရွာတွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများရရှိလာစေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၃၀၀၀ ကျော်ကို အတိုးငွေ ပြား ၅၀ နှုန်းဖြင့် ထုတ်ချေးပေးထားကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါကျေးရွာ ၁၂ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP အား Covid- 19 Economic Relief Plan (CERP) အရ  ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက် အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၀၃၀၊ မွေးမြူရေးလုပ်ကိုင်သူ ၃၀၉ ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၁၃ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၃၂ ဦး စုစုပေါင်း ၁၃၈၄ ဦးအား စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀၀ ကျော် အတိုးငွေ ပြား ၅၀ နှုန်းဖြင့် ထုတ်ချေးပေးထားကြောင်း သိရသည်။

 

ကျေးရွာမတည်စီမံကိန်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းငွေရည်စိုး ဦးဆောင်၍ ဝန်ထမ်းများက ကျေးရွာ ၁၂ ရွာတွင် ဆောင်ရွက်ထားရှိသည့် စာရင်းဇယားများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို ဒီဇင်ဘာ  ၄  ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား  တည့်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း  သိရသည်။

 

ငြိမ်းသူ