မိတ္ထီလာ ၄ ဖေဖော်ဝါရီ
မိတ္ထီလာမြို့နယ်၌ ကျေးရွာ ၂၀ ကျော်မှ ဒေသခံများ သွားလာရအဆင်ပြေစေရန် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းနှင့် တပျော်ကျေးရွာသို့ ဆက်သွယ်သည့် လမ်းပေါ်ရှိ တပျော်ချောင်းကူး ရေကျော်ကို စတင်တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တပျာ်ကျေးရွာရှိ တပျော်ချောင်းကူးရေကျော်အား မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် လင်းမိုးကြယ်ကုမ္ပဏီမှ တာဝန်ယူ၍ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ အရှည် ပေ ၈၀ဝ အကျယ် ၁၈ ပေရှိ ရေကျော်ကို စတင်တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါက ပြောကြားခဲ့သည်။

“ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းနှင့် တပျော်ကျေးရွာသို့ ဆက်သွယ်သည့် လမ်းပေါ်ရှိ တပျော်ချောင်းအား တပျော်ကျေးရွာအုပ်စု၊ ဂွေ့အိုင်ကျေးရွာအုပ်စုနှင့် မယ်ဇလီကုန်း ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၂၀)ကျော်မှ ဒေသခံကျေးလက်နေပြည်သူများ ဖြတ်သန်းသွားလာ လျက်ရှိရာ မိုးရာသီတွင် ချောင်းအတွင်း ရေများစီးဆင်းနေလျင် သွားလာရ အခက်အခဲများ ကြုံတွေ့ရကြောင်း သိရသည်။
၎င်းကျေးရွာများမှ ကျောင်းသားကျောင်းသူများမှာလည်း မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိရာ ရေဝေကျေးရွာနှင့် ဖလံကျင်းကျေးရွာများသို့ သွားရောက် ပညာသင်ကြားလျက်ရှိရာ ချောင်းအတွင်း ရေစီးဆင်းချိန်တွင် ချောင်းရေကျအောင် စောင့်၍ သွားရအသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာမှ ၎င်း တပျော်ချောင်းကူးရေကျော်တံတား တည်ဆောက်ပြီးစီးပါက ဒေသခံကျေးလက်နေ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း” တပျော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဌေးက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)