သနပ်ပင် ၁၄ မတ်
သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ တွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုများကျဉ်းမြောင်းစေရန်၊ ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှုတိုးတက် လာစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀ဝ နှင့် ပြည်သူထည့်ဝင်ငွေများ ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၀ဝ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေရရှိရေးလုပ်ငန်းများဖြစ်သည့် သောက်သုံးရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းများကို ရွှေအိုးရွာသစ်၊ ကျွဲဖြူချောင်းကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ငှက်ပျောတော၊ ထောင်မင်း၊ ပြွန်ပေါက်၊ ညောင်ပင်စု၊ ခရမ်းညောင်ပင်၊ ကမာဘာ၊ ဆယ်ဧက၊ လှာပကစ်၊ ကမာခနိမ်၊ တံခွန်တိုင်(န)၊ စဉ့်အိုးဘို၊ စံပြ၊ ကသဲကုန်း၊ မိုးခိုင်ကြီး၊ ခရမ်းတို့တွင် ကျေးရွာအဝင်လမ်းအား ဂဝံလမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အပိုင်၊ ရွာသစ်ကျေးများတွင် ကျေးရွာချင်းဆက်လမ်းကို ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ထပ်ခနိမ်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက ပြောကြားခဲ့သည်။
အဆိုပါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် မတ်လ ပထမပတ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် တာဝန်ရှိသူတို့က ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၀ဝ နှုန်းဖြင့် ကျေးရွာ ၂၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)