ပဲခူး၊ ၁၀ မေ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရွှေတောင် - ရွှေနတ်တောင် - ညောင်စာရေး - ကွေ့မလမ်းသည် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော Class-A အဆင့်ရှိ ကျေးလက်လမ်းဖြစ်ပြီး ယခုအခါ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေတောင် - ရွှေနတ်တောင် - ညောင်စာရေး - ကွေ့မလမ်းသည် လမ်းမိုင်အရှည် (၂၅ မိုင်၊ ၄ ဖာလုံ)ရှိပြီး ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ကတ္တရာလမ်း (၉ မိုင်၊ ၂ ဖာလုံ)၊ ကျောက်လမ်း (၁ မိုင်)၊ အမာခံလမ်း (၂ မိုင်၊ ၆ ဖာလုံ)အထိ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ မြေသားလမ်း (၁၂ မိုင်၊ ၄ ဖာလုံ) ကျန်ရှိလျက်ရှိရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကတ္တရာလမ်း (၃ မိုင်၊ ၅ ဖာလုံ) နှင့် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်ချောလမ်း (၇ ဖာလုံ)တို့အား လမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လမ်းပေါ်ရှိ ပေ (၂၀) သစ်သားတံတား (၃)စင်းနှင့် ပေ (၄၀) သစ်သားတံတား (၁)စင်းတို့ကိုလည်း သံကူကွန်ကရစ် (RC)တံတားများအဖြစ် အသစ်ပြန်လည်တည်ဆောက် ဆောင်ရွက်လျက်ရှိရာ (၆၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး မေလအတွင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေတောင် - ရွှေနတ်တောင် - ညောင်စာရေး - ကွေ့မလမ်းသည် ရွှေတောင်မြို့နယ်အတွင်းရှိ သမိုင်းဝင် ရွှေနတ်တောင်ဘုရားသို့ သွားရောက်ဖူးမြော်နိုင်သည့် လမ်းဖြစ်သည့်အပြင် ကျေးရွာများမှ အဓိကအားထား အသုံးပြုလျက်ရှိသော ကျေးလက်လမ်းမကြီးဖြစ်၍ ကျေးရွာ (၅၁)ရွာ၊ အိမ်ခြေ (၄၉၈၅) အိမ်၊ လူဦးရေ (၁၈၇၂၉)ဦးတို့အား တိုက်ရိုက်အကျိုးပြုလျက်ရှိသည်။ ကျေးရွာပေါင်း (၉၀)ကျော်မှ ဒေသထွက်ကုန်ပစ္စည်းများအား မြို့ပေါ်သို့ သယ်ပို့ရာတွင်လည်း အဓိကအားထား အသုံးပြုနေရသကဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကိစ္စရပ်များအတွက်လည်း အဓိကအသုံးပြုနေရသည့် ကျေးလက်လမ်းမကြီးဖြစ်သည်။
အဆိုပါ ရွှေတောင် - ရွှေနတ်တောင် - ညောင်စာရေး - ကွေ့မလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းခြင်းလုပ်ငန်းခွင်သို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်းနှင့် ကောင်စီအဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


