ကျေးရွာ (၈) ရွာမှ အမျိုးသားလူငယ်(၂၁)ဦးအား အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သံပန်း၊ ဝရိန်ပညာများ သင်ကြားပေး

ဘားအံ   ၂၀  ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင် ကျေးလက်နေပြည်သူများ ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် သံပန်း၊ ဝရိန်သင်တန်းများ သင်ကြားလျှက်ရှိရာ သင်တန်းဆင်းပွဲကို ဇူလိုင် ၁၈ ရက်က ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်ကြားတတ်မြောက်ခဲ့သော သံပန်းနှင့် ဝရိန်ပညာဖြင့် မိသားစုဝင်ငွေရရှိစေရေးအတွက် လုပ်ကိုင်ရင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများရရှိသူများအား လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုနိုင်စေမည့် လုပ်ငန်းသုံးပစ္စည်းများကို ဆုအဖြစ် ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ကျေးလက်ဦးစီးမှူး ဦးထွန်းဇော်ချစ်က သင်တန်းဆင်းအောင်လက်မှတ်များကိုပေးအပ်ရာ သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက လက်ခံရယူပြီး ခရိုင်ကျေးလက်ဦးစီးမှူးက သင်တန်းနည်းပြဆရာအား လက်ဆောင်ပစ္စည်းချီးမြှင့်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ဘားအံမြို့နယ်၊ ကျေးရွာ(၈)ရွာမှ သင်တန်းသား(၂၁)ဦးတို့သည် (၄-၆-၂၀၁၈)ရက်နေ့မှ(၁၈-၇-၂၀၁၈) ရက်နေ့ထိ ရက်သတ္တပတ် (၆)ပတ်ကြာ လုပ်ငန်းအတွေ့အကြုံရှိသောသင်တန်းဆရာမှ အခြေခံသံပန်း၊ ဝရိန်နှင့် လုပ်ငန်းလုပ်ကိုင်နိုင်သည်အထိ သင်ခန်းစာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)