ဒီးမော့ဆို ၂၆ ဇွန်
ကယားပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်အထွေထွေပိုလျှံ ရန်ပုံငွေကျပ် ၂၀ဝ ဒသမ ဝ၉၃ သန်းဖြင့် ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၈)ရွာအား အကျိုးပြုသည့် ဆင်တောင်-ခူးပရာထူး-လီဝိုး ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဆောင်ရွက်နေမှု ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဒေါ်နော်ဂျက်နက်(စ်)ဒေး ထံမှ သိရသည်။
ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ် တည်ဆောက်ရေး နှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ကော်မတီဝင် များ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဒေါ်နော်ဂျက်နက်(စ်)ဒေးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆင်တောင်-ခူးပရာထူး-လီဝိုး ကျေးရွာချင်းဆက်ကျောက်ချောလမ်းသည် လမ်းအရှည် ၂ မိုင် ၁ ဒသမ ဝ၅ ဖာလုံ ရှိပြီး ယခင်က လမ်းပန်းဆက်သွယ်ရေးအတွက် သွားလာရေး အဆင်မပြေမှုများရှိခဲ့ကာ ယခုအခါ အဆိုပါလမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် လမ်းအကျယ် ၁၄ ပေ ခင်းခြင်း၊ ၎င်းလမ်းပေါ်တွင် လိုအပ်သော ၃ ပေ Box Culvert သုံးစင်းနှင့် Pipe Culvert (၁၀) စင်း တို့ကို တည်ဆောက်ပြီးစီးခဲ့ပြီး ဆင်တောင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၈)ရွာမှ ပြည်သူ ၄၀ဝ၀ ကျော်အတွက် လမ်းပန်းဆက်သွယ် အဆင်ပြေကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


