မိတ္ထီလာ ၂၈ ဇန်နဝါရီ
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူး သစ်သားတံတားကို သံကူကွန်ကရစ်တံတားအဖြစ် ကိုယ်ထူကိုယ်ထ ပြန်လည် တည်ဆောက်လျက် ရှိကြောင်း သိရသည်။
“မိတ္ထီလာမြို့ နွားပွဲဈေးမှ တောင်ဘက်အရပ်၌ တည်ရှိသော နွားစမ်းတောင်၊ ဘုံစုကန်၊ ရွာသစ်၊ မိကျောင်းကန်၊ အောင်ကန်၊ အနောက်ကန်၊ ညောင်ပင်ကုန်း၊ တည်ပင်ကုန်း၊ မြင်းရွာ ၊ မန်းကျီးကုန်း၊ ဥသျှစ်ကုန်း၊ ခင်တဲ၊ အောင်ပင်သာ၊ မုန်းတော၊ ကူဘို၊ ကန်နီ၊ ကျားထူး စသည့် ကျေးရွာ(၁၇)ရွာ ဆက်သွယ် သွားလာသည့် ကျေးရွာချင်းဆက်လမ်းမရှိပြီး ၎င်းကျေးရွာချင်းလမ်းမတွင် မုန်တိုင်ဆည်နှင့် ညောင်ကုန်း တမံတို့မှ မိတ္ထီလာကန်သို့ ဆက်သွယ်ထားသော ရေသွင်းမြောင်းလက်တံနှစ်ခု ဆုံရာ၌ အရှည် (၅၅)ပေ အကျယ်(၁၂)ပေရှိ ချောင်းကူးသစ်သားတံတားတစ်စင်းရှိပါကြောင်း၊ ယင်း ချောင်းကူးတံတားကို ၂၀ဝ၉ ခုနှစ်တွင် သက်ဆိုင်ရာဌာနမှ သစ်သားတံတားအဖြစ် တည်ဆောက် ပေးခဲ့သောကြောင့် အဆိုပါတံတားပေါ်မှ ကျေးရွာ(၁၇)ရွာရှိ ဒေသခံပြည်သူများက ဒေသထွက် သီးနှံများ သယ်ယူပို့ဆောင်ကြသလို (၅)ရက်တစ်ကြိမ် ကျင်းပသည့် နွားပွဲဈေးနေ့များတွင် နွားများ၊ ဆိတ်များ၊ ဝက်များနှင့် တောင်သူလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ထွန်၊ ထယ်၊ နွားဖားကြိုးစသော ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားခြင်းများလည်း ရှိကြသည်။
ထို့အပြင် ကျောက်ဖူး ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ ဒေသခံကျေးရွာများမှ အထက်တန်း၊ အလယ်တန်းကျောင်းသားကျောင်းသူများ နေ့စဉ် ကျောင်းတက်ပညာသင်ယူကြရာ၌ အသုံးပြုကြပါကြောင်း၊ ၎င်းအပြင် ကျေးလက်နေပြည်သူများ နားဖျား မကျန်းမမာရှိကြသောအခါ မြို့ပေါ်ရှိ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ပြသဆေးကုရာတွင် အသုံးပြုလျက်ရှိသည့် နွားစမ်းတောင် ချောင်းကူးသစ်သားတံတားမှာ ဆွေ့မြည့်ဟောင်းနွမ်းပျက်စီးလျက်ရှိ၍ နေ့စဉ်ဖြတ်သန်း သွားလာသည့် ကျေးလက်နေပြည်သူများမှာ အန္တရာယ်ကြီးစွာ ဖြတ်သန်းသွားလာရသောကြောင့် နွားစမ်းတောင်ကျေးရွာ ရွှေလက်လှဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဘဒ္ဒန္တခမေသက M.A(Buddhism)သာသန တက္ကသီလမဟာဓမ္မာစရိယာက ဦးဆောင်၍ ဒေသခံများက စုပေါင်း၍ အရှည် ပေ ၆၀ ၊ အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ်တံတားကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်၍ ဦးတင်သန်း အင်ဂျင်နီယာ(ငြိမ်း)မှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း” နွားစမ်းတောင် ကျေးရွာရာအိမ်မှူး ဦးထွန်းလင်းက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


