လှိုင်းဘွဲ ၂၈ ဇွန်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လှိုင်းဘွဲ-ကြာအင်း ချောင်းကူး သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါတံတားအနီး ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး Japan  Infrastructure Partanership (JIP) မှ တာဝန်ရှိသူ ဦးသန့်ဇင်က တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကြာအင်းကျောင်းဆရာတော် ဦးသူရိယက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး Japan  Infrastructure Partanership (JIP) မှ တာဝန်ရှိသူ ဦးသန့်ဇင်က တံတားတည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ အချက်အလက်မှတ်တမ်းများအား ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းထံ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကြာအင်းကျောင်းဆရာတော် ဦးသူရိယ၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ Japan  Infrastructure Partanership (JIP) မှ တာဝန်ရှိသူ ဦးသန့်ဇင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် မော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ဖျန်းပေးခဲ့ကြသည်။

 

လှိုင်းဘွဲ - ကြာအင်း သံကူကွန်ကရစ်တံတားကို ဂျပန်နိုင်ငံမှ ကျပ်(၁၈၅)သန်းဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည် (၁၈၃)ပေ၊ ယာဉ်သွားလမ်း အကျယ် (၁၅)ပေ၊ ယာဉ်တန်ချိန် (၂၀)သာ ဖြတ်သန်းသွားလာနိုင်သော တံတားဖြစ်ရာ ကြာအင်း၊ ဝိုင်းထော်၊ ကွီးလေး၊ ကွမ်းတော၊ ကမားထ၊ ကမော့လဲ(ကျောင်း)၊ တောင်စွန်း၊ မြိုင်ကြီးငူအထူးဒေသရှိ ကျေးရွာ(၂၄)ရွာ စုစုပေါင်း ကျေးရွာ(၃၂)ရွာ၊ အိမ်ထောင်စု (၄၀၁၄)စု၊ လူဦးရေ(၂၃၄၅၂)ဦးခန့် အကျိုးပြုမည့် တံတားတစ်စင်း ဖြစ်သည်။

 

အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာ၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)