နေပြည်တော် ဒီဇင်ဘာ ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Rural Revitalization Administration (NRRA) အောက်ရှိ International Poverty Reduction Centre in China(IPRCC )တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “China- aided Pilot Project of Poverty Reduction Cooperation in Myanmar” ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သံအမတ်ကြီး မစ္စတာချန်းဟိုင်က “ယခုစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့သော အရှေ့အာရှအစည်းအဝေးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Keqiang မှ ဆင်းရဲမှု လျှော့ချရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဆိုပြုခဲ့သဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စံပြစီမံကိန်းအဖြစ် ကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့်ကာလအတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများအရ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအခက်အခဲရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အခက်အခဲများကြားမှ စီမံကိန်း အောင်မြင်စွာ ပြီးစီးရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော တရုတ်-မြန်မာ နှစ်နိုင်ငံမှ ဝန်ထမ်း များကိုလည်း အသိအမှတ်ပြု ချီးကျူးလိုပါကြောင်း။
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြင့် စီမံကိန်းကျေးရွာများအနေဖြင့် များစွာဖွံ့ဖြိုး တိုးတက်လာခဲ့ပြီး စံပြကျေးရွာများအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့်လည်း ဆင်းရဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျေးရွာများ ဖွံ့ဖြိုးမှုရှင်သန်စေရေးဆိုင်ရာ အတွေ့အကြုံကောင်းများ ဆက်လက်မျှဝေပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ စိုက်ပျိုးရေး ထုတ်ကုန်များ အဆင့်မြှင့်တင်ခြင်းတွင် နည်းပညာ ပံ့ပိုးပေးခြင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ဗဟိုဌာနတို့ ပူးပေါင်း၍ ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြစီမံကိန်းကို ကျေးလက်လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေး၊ စွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို မျှဝေနိုင်စေရန် ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊၊
အဆိုပါစီမံကိန်းအား နေပြည်တော် လယ်ဝေးမြို့နယ်မှ မင်းပြင်ကျေးရွာနှင့် တပ်ကုန်း မြို့နယ်မှ အေးချမ်းသာ(စံပြ) ကျေးရွာတို့တွင် တရုတ်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ (၃)နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊၊
စီမံကိန်းမှ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ပြည်သူ့ ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများ၊ စီမံကိန်း အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းဆိုင်ရာ လုပ်ငန်းများ (ပြည်တွင်း/ပြည်ပ လေ့လာရေး ခရီးစဉ်များ သွားရောက်ခြင်း)၊ နည်းပညာ ပံ့ပိုးကူညီမှုဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်း စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
စီမံကိန်း အကျိုးရလဒ်များအနေဖြင့် လူမှုရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်မှုနှင့် စီမံကိန်းကျေးရွာ နှစ်ရွာရှိ ကျေးလက်နေ အိမ်ထောင်စု ၁၅၆၀ ခန့် စီမံကိန်း အသီးအပွင့်များ ခံစားရရှိခဲ့ကြောင်း။
ယင်းစနစ်ကို မြန်မာနိုင်ငံအတွင်းသာမက အာဆီယံဒေသတွင်းရှိ အခြားသော ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စီမံကိန်းများတွင်လည်း ထည့်သွင်းအသုံးပြု ဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း” ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က စီမံကိန်းဆိုင်ရာ အချက်အလက်များအား အပြန်အလှန် လက်မှတ်ရေးထိုး၍ လွှဲပြောင်းလက်ခံခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် သီးခြားလက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်