မကွေး  ၂၂   ဧပြီ

 

မကွေးတိုင်းဒေသကြီးအတွင်း သွားလာလုပ်ကိုင်နေသူများကို မြို့နယ်/ကျေးရွာများအတွင်းသို့ ဝင်ထွက်သွား လာခွင့် ပိတ်ပင်ခြင်းအား ဆောင်ရွက်ခြင်းမပြုရန်နှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ နယ်မြေကျော်ခရီးသွားလာပြီး ပြန်ရောက်လာသူများကိုသာ သတ်မှတ်နေရာများ၌ Facility Quarantine (၂၁)ရက်ထားရှိပြီးမှ ၎င်းတို့နေအိမ်များ၌ နေထိုင်စေရန် ညွှန်ကြားချက်တစ်ရပ်အား တိုင်အစိုးရမှ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါညွှန်ကြားချက်အား မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား)၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းက လက်မှတ်ထိုး၍ ဧပြီ ၂၁ ရက်နေ့ ရက်စွဲဖြင့် တိုင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အားလုံးကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

 

ကပ်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရန်အတွက် တိုင်းအတွင်းရှိ အချို့သော မြို့နယ်၊ရပ်ကွက်၊ ကျေးရွာများတွင် အခြားသော တိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ကြသူများ နှင့် တိုင်းအတွင်း အခြားနေရာများသို့ သွားလာနေသူများကို ဝင်/ထွက် သွားလာခွင့်မပြုသည့်အတွက် မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လျက်ရှိကြောင်း စီစစ်တွေ့ရှိရသည်ဟု ညွှန်ကြားချက်တွင် ဖော်ပြခဲ့သည်။

 

“ကျွန်တော်တို့ရွာမှာ ဝင်ပေါက်တွေကို အသေပိတ်တာမဟုတ်ဘဲနဲ့ ဝါးလုံးလေးတွေနဲ့ ယာယီတားတာတွေတော့ ရှိပါတယ်။ ဧည့်စိမ်းတွေ၊ အခြားဒေသက ဈေးသည်တွေ၊ နေရပ်ပြန်လာတဲ့သူတွေကို စုံစမ်းမေးမြန်းတာ၊ Mask ဝေတာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ ဆက်လုပ်ပါမယ်။ စိုးရိမ်စရာကောင်းတဲ့ နေရာတွေကနေ နယ်ကျော်ပြန်လာသူတွေကို (၂၁)ရက် စောင့်ကြည့်ဖို့အတွက် တရားဝင်အခွင့်အရေးဖြစ်လို့ ဒေသခံပြည်သူတွေအတွက် ဒီညွှန်ကြားချက်က အထောက်အကူဖြစ်ပါတယ် ” ဟု မကွေးမြို့နယ်၊ ကြာကန်ကျေးရွာနေ ဦးဇော်မင်းထိုက်က ပြောသည်။

 

လုပ်သင့်သည်ထင်သည့်ကိစ္စကို မလုပ်ရ၍ မည်သူ့ကိုမျှ အပြစ်မတင်စေလို၊ အပြစ်မမြင်စေလိုကြောင်း၊ ညွှန်ကြားချက်ကို လိုက်နာရမည်ဖြစ်၍ ကျေးရွာအဝင်ဝရှိ ဂိတ်စခန်း(၂)ခုလုံးကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း နတ်မောက် မြို့နယ်၊ အုတ်ဖိုကျေးရွာ၊ ကပ်ရောကာကွယ်ရေး ပရဟိတလုပ်ဆောင်နေသူ ကိုပေါ်ဦးထံမှ သိရှိရသည်။

 

ဇေယျတု(မကွေး)