နတ်မောက် ၂၂ ဇွန်
စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့်လုပ်ငန်းကို နတ်မောက်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနေကြကြောင်း သိရသည်။
နတ်မောက်မြို့ မြို့မရပ်ကွက်နှင့် ကန်ကြီးရပ်ကွက်တို့တွင် စပျစ်စိုက်ပျိုးကြပြီး နတ်မောက်မြို့ပေါ်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် အလားတူ နတ်မောက်မြို့နှင့် (၂)မိုင်ခန့်ဝေးကွာသည့် န-လက်ခုပ်ပင်ကျေးရွာတွင်လည်း စပျစ်စိုက်ပျိုးကြကာ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
“စပျစ်စိုက်မယ်ဆိုရင် ပျိုးပင်ကို ရမည်းသင်းမြို့နယ်ကို သွားရောက်ဝယ်ယူရပါတယ်၊ ပျိုးပင်ဈေးနှုန်းက တစ်ပင်ကို (၃၅၀)ကျပ်ပေးရပြီး ပြာသိုလမှ စတင်စိုက်ပျိုးပါတယ်၊ ရှင်သန်ဖြစ်ထွန်းလာတဲ့ စပျစ်ပင်တွေကို စင်ပေါ်တင်ပြီးတော့ သီတင်းကျွတ်လမှာ ကိုင်းဖြတ်ရပါတယ်၊ ကိုင်းဖြတ်ပြီးတော့ အော်တိုဖိုက်၊ ကွန်မြူးကပ်၊ ရှောင်လင်၊ ကွန်ဘတ်စတဲ့ ဓါတုဆေးတွေနဲ့ ပက်ဖျန်းပေးရပါတယ်၊ ကိုင်းဖြတ်ပြီး (၆)လအကြာ တပေါင်းလလောက်ကြရင် စပျစ်သီးတွေကို ရောင်းလို့ရပါပြီ”ဟု န-လက်ခုပ်ပင်ရွာမှ စပျစ်ခြံပိုင်ရှင် ကိုဝေယံစိုးက ပြောသည်။
စပျစ်အမျိုးအစား အမျိုးမျိုးရှိပြီး ဘလပ်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလပ်၊ အာဂျီ (ပန်းရောင်)တို့အနက် စားသုံးသူဈေးကွက်တင် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရပြီး စပျစ်ပင်(၃၅၀) စိုက်ပျိုးပါက ပျိုးပင်ဖိုး၊ ရေတင်ရန် (စက်သုံးဆီ) လုပ်အားခ၊ ဆေးဖိုးစသည်ဖြင့် (၁၆)သိန်း ကုန်ကျမှုရှိကြောင်း သိရသည်။
လှဝင်း (နတ်မောက် ပြန်/ဆက်)


