ထန်းတပင် ၈ မတ်
ကျေးလက်ဒေသများတွင် သန့်ရှင်းသော ရေများရရှိနိုင်ရေးနှင့် သောက်သုံးရေအခက်အခဲများ မဖြစ်ပေါ်စေရေးတို့အတွက် ကျေးရွာအများသုံး ရေအရင်းအမြစ်စစ်တမ်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကောက်ယူလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ်တွင် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၅၄)အုပ်စု ကျေးရွာပေါင်း(၂၃၃)ရွာရှိသည့်အနက် ကျေးရွာပေါင်း(၅၀)ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်မှစတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်နှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကာ စစ်တမ်းများကို ကောက်ယူလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ပထမအပတ်အထိ ကျေးရွာ(၃၇)ရွာကို ကျေးရွာအများသုံး ရေအရင်းအမြစ်စစ်တမ်းများ ကောက်ယူထားရှိပြီးဖြစ်ကြောင်း သိရသည်။
“ကျေးရွာတစ်ရွာကို ကောက်ပြီဆိုရင် အိမ်ခြေ၊ လူဦးရေ၊ စာသင်ကျောင်း၊ ဆေးပေးခန်းရှိလား၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေမှာကော ရေပေးရေးစနစ်ရှိလား မရှိလားပေါ့။ နောက်ပြီး ကျေးရွာရေသုံးစွဲမှုစနစ်မှာဆို ရေအမျိုးအစား၊ ပန့်တွေ၊ စက်တွေသုံးမယ်ဆိုရင် ဘယ်လိုအမျိုးအစားတွေ သုံးထားတာလည်း နွေရာသီမှာဆိုရင် ရေပြတ်လက်မှုတွေ ဖြစ်နိုင်လား၊ တစ်အိမ်သုံး စနစ်တွေဆိုရင် လက်ရှိရေကို ဘယ်လိုသုံးစွဲနေကြတာလဲ၊ အများသုံးသောက်သုံးရေကန်ဆိုရင် ဒီရေကန်ကို အိမ်ခြေ ဘယ်လောက်က သုံးနေသလဲဆိုတာတွေကို ကောက်ယူနေတာပါ။ အဓိကကတော့ ကျေးရွာအများသုံး ရေအရင်းအမြစ်ကို အဓိကထားကောက်ပါတယ်”ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၃) ကိုရဲလင်းထိုက်က ပြောသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)