ဖယ်ခုံ ၂၂ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အလယ်ကယန်းကျေးရွာအုပ်စု၊ ကဖုကျေးရွာမှ ရီလုံရီကန်ကျေးရွာအုပ်စု ဖာလိုင်ကျေးရွာသို့ ဆက်သွယ်သည့် ကဖု-ဖာလိုင် မြေသားလမ်း (၇/၃)မိုင် အနက် (၂/၀)မိုင် ကျောက်ခင်းပြီး ကျန် (၅/၃)မိုင်မှ (၂/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအား ယနေ့နံနက်ပိုင်းက ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။
ကဖု-ဖာလိုင် လမ်းမှာ (၇/၃)မိုင် ရှည်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြေသားလမ်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း (၂/၀)မိုင် ခင်းခြင်းနှင့် ယခု ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း (၂/၀)မိုင် ခင်းခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်။ ၎င်းလမ်းပေါ်တွင် ဆက်စပ်လုပ်ငန်းများဖြစ်သည့် (၂၅)ပေ ကွန်ကရစ်တံတား (၁)စင်း၊ (၅)ပေ Box Culvert (၅)စင်းနှင့် (၃)ပေ ရေပြွန်(၆)စင်းတို့အား ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ကျေးရွာအုပ်စုချင်းဆက်လမ်းအား ဆောင်ရွက်ပေးခြင်းအားဖြင့် ၎င်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာ (၁၃)ရွာမှ အိမ်ထောင်စု (၁၀၈၉) နှင့် လူဦးရေ (၇၀၀၃)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်သည်။ ယခင်က ဒေသခံများအနေဖြင့် ဖယ်ခုံမြို့မှ အလယ်ကယန်းကျေးရွာအုပ်စု၊ ကယောကျေးရွာ အုပ်စုနှင့် သိကျိတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ရာတွင် ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်အားဖြတ်၍ သွားရောက်ရပြီး ယခုဆောင်ရွက်လျက်ရှိသည့် ကဖု-ဖာလိုင် (၇/၃)မိုင် လမ်းပိုင်းအားလုံး ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးပါက မိမိမြို့နယ်အတွင်းမှသာ သွားရောက်နိုင်မည်ဖြစ်သဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


