သာစည် ၂၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်း-ဘုရားငါးဆူလမ်း နှင့် ဇီးတောအိုင်၊ မကျီးသမျှားနှင့် အောင်သာကျေးရွာများသို့ ဆက်သွယ်ထားသောလမ်းပေါ်ရှိ အလှူရှင်များနှင့် ကျေးရွာပြည်သူများ ထည့်ဝင်ငွေတို့ဖြင့် ဆောက်လုပ်ထားသော ရွှေမေတ္တာ မြောင်းကူးတံတား တံတားဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါ တံတားပေါ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တံတားအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ဇီးတောအိုင် ကျောင်းဆရာတော် ဦးသုမန အမှူးပြုသော ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းဆပ်ကပ်ပြီး တံတားပေါ်တွင် ပရိတ်တရား နာယူကြသည်။ ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ တံတားဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက တံတားဆောက်လုပ် ပြီးစီးသွားသည့်အတွက် ရရှိမည့်အကျိုးကျေးဇူးများကို ပြောကြားပြီး အလှူရှင် တောင်ကြီးမြို့နေ ဦးသောင်းရွှေနှင့် ဦးသန်းရွှေတို့က တံတား ဆောက်လုပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် တံတားဖြစ်မြောက်ရေး ကော်မတီဒုဥက္ကဋ္ဌ ဦးသိန်းထွန်းက ကျေးဇူးတင်စကား ပြောကြားရာတွင် အရင်က မြောင်းကူးတံတားက ထန်းလုံးတံတားနဲ့ လုပ်ထားရတာ ဖြစ်တဲ့အတွက် ဖြတ်သန်းသွားလာရတဲ့အခါမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ အခုတော့ ဒီတံတားကြီး ဆောက်လုပ်နိုင်ခဲ့တဲ့ အတွက် ဇီးတောအိုင်၊ မကျီးသမျှားနှင့် အောင်သာ ကျေးရွာတွေက ပြည်သူတွေသွားလာရေး၊ ကျောင်းသားကျောင်းသူလေးများ ပညာသင်ယူရေး တို့တွင် များစွာအထောက်အကူဖြစ်သည့်အတွက် အလှူရှင်နှင့် ကျေးရွာပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
၎င်းနောက် အလှူရှင်များနှင့်တံတားဖြစ်မြောက်ရေးကော်မတီဝင်များက တံတားကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဇီးတောအိုင်၊ မကျီးသမျှားနှင့် အောင်သာကျေးရွာတို့တွင် လူဦးရေ ၆၈၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါ မြောင်းကူးတံတားကို ဇီးတောအိုင်၊ မကျီးသမျှားနှင့် အောင်သာကျေးရွာတို့မှ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၉၀ နှင့် အလှူရှင်မိသားစုများက ငွေကျပ်သိန်း ၁၇၀ စုစုပေါင်း ငွေကျပ်သိန်း ၂၆၀ အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တံတားအကျယ် ၁၂ ပေ၊ အရှည် ၅၂ ပေအမြင့် ၉ ပေရှိကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)


