ဆင်ပေါင်ဝဲ ၁၉ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျွေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်များ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ဆောင်ရွက်ခဲ့သည့် ကျေးရွာများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကား ပြောကြားကြပြီး မြို့နယ်ဦးစီးမှူးဦးဇော်မင်းဦးက မိမိတို့ဌာနအနေဖြင့် ကျေးရွာများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဌာနဖြစ်သည်နှင့်အညီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာအုပ်စု (၅)အုပ်စုအား စွန့်ပစ် အမှိုက်များအား အကျိုးရှိစွာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကျေးရွာများအား မိမိတို့ဌာနမှ ညွှန်ကြားရေးမှူးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ခဲ့သည့် ကျေးရွာများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အိဖြူဖြူ(ပြန်/ဆက်)


