တန့်ဆည် ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လယ်တီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေက ကျေးရွာရှိပြည်သူများ မိမိကျေးရွာ သာယာလှပရေးအတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်မှသာလျှင် သန့်ရှင်းသာယာလှပတဲ့ ကျေးရွာတစ်ရွာ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကျေးရွာနေ ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်များ၊ စဉ်ဆက်မပျက် ဖွံ့ဖြိုးရေးပန်းတိုင် ရည်မှန်းချက်များနှင့်အညီ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အား ရေရှည်အကျိုးကို မျှော်မှန်းပြီး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လယ်တီးကျေးရွာမှ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)


