ဖယ်ခုံ   ၈   မေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုတွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ခေါင်းအိ-ကောင်ဝှပ်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကို မေ ၇ ရက်နေ့က မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်နှင့် တာ၀န်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

“ခေါင်းအိ-ကောင်ဝှပ်လမ်းက ခုနှစ်မိုင် လေးဖာလုံရှည်ပြီးတော့ မြေသားလမ်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က စတင်ဖောက်လုပ်ခဲ့တာပါ။ မြေသားလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာအပြီး ဆောင်ရွက်နိုင်ခဲ့ပြီးတော့ အဲဒီ ဘဏ္ဍာနှစ်မှာဘဲ ကျောက်ချောလမ်း နှစ်မိုင်ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ပြည်ထောင်စုအစိုးရရန်ပုံငွေကျပ် ၂၄၉ ဒသမ ၂၀ သန်းနဲ့ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း နှစ်မိုင်ကို 4B3S ကုမ္ပဏီက တာ၀န်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်က ပြောကြားသည်။

 

အဆိုပါ ကျေးရွာခြင်းဆက်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်နှင့် တာ၀န်ရှိသူများ ကွင်းဆင်းစစ်ဆေးရာတွင် 4B3S ကုမ္ပဏီတာ၀န်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူးက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

 

ခေါင်းအိကျေးရွာမှ ကောင်ဝှပ်ကျေးရွာအထိ ခုနှစ်မိုင်လေးဖာလုံရှည်ပြီး လမ်းတစ်လျှောက်တွင် ကွန်ကရစ်တံတား သုံးစင်း၊ Boxculvert ရှစ်စင်း၊ ရေထုတ်ပြွန် ကိုးစင်းပါ၀င်ကြောင်း၊ လုပ်ငန်းများ အားလုံးပြီးစီးပါက ၎င်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာလေးရွာမှ အိမ်ထောင်စု ၈၁၀ ရှိ လူဦးရေ ၃၀၈၀ ဦးတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်က ဆက်လက်ပြောကြားသည်။

ကိုထွေး(ဖယ်ခုံ)