မိုးညို အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် ညောင်ဝိုင်းအုပ်စု၊ ကျားကျွန်းကျေးရွာနှင့် ဆင်ကျွန်းကျေးရွာသွား၊ ကျေးရွာချင်းဆက် ဆင်ကျွန်းတံတား အမှတ် (၁) သံကူကွန်ကရစ်၊ အရှည် ၁၀၀ ပေ၊ အကျယ် ၂၀ ပေရှိ တံတားအား ၂၀၂၁ ခုနှစ်မတ်လမှ စ၍ဆောက်လုပ်ခဲ့ရာ ယခုအခါ တံတားမှာ ဆောက်လုပ်ပြီးစီးပြီး ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့သည့်အပြင် ဒေသထွက်ကုန်များ သယ်ယူရာတွင်လည်း အဆင်ပြေချောမွေ့လျက် ရှိကြောင်း သိရသည်။
အဆိုပါတံတားသည် ယခင်က အလှူရှင်တစ်ဦးမှ ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်ပြီး ယခုအခါ ကျေးလက်လမ်း ဦးစီးဌာနက အရှည်ပေ (၁၀၀)၊ အကျယ် (၂၀) ပေ ပြန်လည်ဆောက်လုပ်ပေးခဲ့သဖြင့် မိမိတို့ကျေးရွာ ဒေသထွက်ကုန်များဖြစ်သည့် ပဲမျိုးစုံ၊ ပြောင်း၊ ငရုပ်၊ ကြက်သွန် စသည့် သီးနှံများအား မိုးညိုမြို့နှင့် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချရာတွင် လည်းကောင်း၊ ဧရာဝတီတိုင်းဘက်မှ ထွက်ရှိသော သီးနှံများကိုလည်း ယခုတံတားမှဖြတ်၍ မြို့နယ်များသို့ သယ်ယူရောင်းချရာတွင်လည်း အဆင်ပြေလျက်ရှိကြောင်း၊ တံတားအား ဆောက်လုပ်ပေးသည့်အတွက် ဒေသခံပြည်သူများမှလည်း ဝမ်းမြောက်ဝမ်းသာရှိကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။
ကိုမင်း(မိုးညို)


